Homeမြန်မာသတင်း
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဖျက်သိမ်း
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဖျက်သိမ်း
ရွှေအောင်
·
January 9, 2012
ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးမှာ ပါဝင်တဲ့ ကျောက်မီးသွေး ဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပါပြီ။
[caption id="attachment_17737" align="alignright" width="300" caption="ရင်းမြစ် - အီတာလျံ-ထိုင်းကုမ္ပဏီက တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဒီဇိုင်းပုံစံ"][/caption]
မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် ဒီစီမံကိန်းကို ဖျက်သိမ်းလိုက်တဲ့အကြောင်း တနင်္လာနေ့ မနက်ပိုင်း၊ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားလိုက်တာပါ။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးမှာ ပါဝင်တဲ့ ဒီကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက ထုတ်လုပ်မယ့် ကာဗွန်ပမာဏဟာ ထိုင်းတနိုင်ငံလုံး ထုတ်လုပ်တဲ့ ကာဗွန်ပမာဏရဲ့ ထက်ဝက်ရှိလို့ အနီးအနားနေ ဒေသခံတွေ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်တဲ့အကြောင်း မီဒီယာတွေက ဝိုင်းဝန်းထောက်ပြ ရေးသားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က အဲ့ဒီ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ဒေသခံတွေကို အသိပေးကန့်ကွက်တဲ့ လှုပ်ရှားမှု မောင်းမကန် ကမ်းခြေမှာ ပြုလုပ်ခဲ့ပါသေးတယ်။
မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် စက်ရုံမဆောက်တော့တဲ့အပေါ် ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့က တာဝန်ရှိသူတဦးက သူတို့ကြားတဲ့သတင်းနဲ့ အခုလို သုံးသပ်ပြောပါတယ်။
“ကျောက်မီးသွေးစက်ရုံတော့ လုပ်တော့ လုပ်မယ်ပေါ့နော် ၄၀၀။ ၄၀၀ ကိုတောင် သူတို့က စဉ်းစားနေတုန်းပဲတဲ့။ အဲဒါ လက်ခံရမလား လက်မခံရဘူးလား ဆိုတာကို။ အခု ၄၀၀၀ နဲ့ စာရင်တော့ ၄၀၀ ကတော့ ဆယ်ဆ သက်သာ သွားတာပေါ့နော်။ ဒါပေမယ့် အခု အဲဒါကို ကျနော်တို့က ဆက်ပြီး ဆွေးနွေးဦးမှာ ဒီအဖွဲ့ဝင်တွေက ဆက်ပြီးတော့ အဲ့ဒီအပေါ်မှာ ဘယ်လို သဘောထားသလဲဆိုတာ။ အခုမှ အဲဒါဟာ ကြားခါစပဲ ရှိသေးတယ်။ အခု ကျနော် ကြားသလောက်က အဲဒီ ၄၀၀ မဂ္ဂါဝပ်မှာ ထားဝယ် ၄ မြို့နယ်ကိုလည်း သူက မီးပေးမယ်လို့ ပြောထားတယ်။ ဆယ်ဆ သက်သာတာဆိုတော့ အများကြီး ဆယ်ပုံတပုံတော့ ရင်ထဲက ခံစားချက်တွေ ပေါ့သွားတာပေါ့ဗျာ။”
ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေနေ့တုန်းက ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက် လေ့လာခဲ့တဲ့ ထိုင်းအစိုးရ ဝန်ကြီးတွေပါ အဖွဲ့ထံ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က ဒေသခံတွေရဲ့ ရင်ဖွင့်စာကို ပေးအပ်ခဲ့ပါသေးတယ်။ ဒီစာထဲမှာ ဒီဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးနိုင်တာတွေကို ဖော်ပြခဲ့ပါတယ်။
ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာထဲမှာတော့ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး၊ ဒေသခံတွေက ထိုင်းအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။