အမေရိကန်ကိုယ်စားလှယ်များ နေပြည်တော်ရောက်ရှိ
DVB
·
January 9, 2012
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ်အပြီးမှာ နောက်ဆက်တွဲ တိုးတက်မှုတွေကို လာရောက်လေ့လာတဲ့ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး သံအမတ် လူးဝစ်စီဒဲလ် ဘာကာဟာ နေပြည်တော်မှာ ရောက်ရှိနေပါတယ်။
[caption id="attachment_19761" align="alignright" width="300" caption="ဒဲရက်မစ်ချဲလ်l"][/caption]
အမေရိကန် ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်ဟာ ဒီကနေ့မနက် ရန်ကုန်ကို ရောက်ရှိလာပြီး နေပြည်တော်ကို ဆက်လက် သွားရောက်နေတယ်လို့ ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး ပြောခွင့်ရသူ Michael Quinlan က ပြောပါတယ်။
အစိုးရဘက်က ဘယ်သူတွေနဲ့ တွေ့ဆုံသလဲဆိုတာကိုတော့ ခုချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ခရီးစဉ်ရဲ့ နောက်ဆက်တွဲအဖြစ် တိုးတက်မှုတွေကို လာရောက်တာ ဖြစ်တယ်လို့လည်း ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
မစ်ချဲလ်ရဲ့ ၄ ကြိမ်မြောက် ဒီခရီးစဉ်ဟာ ၄ ရက်ကြာမြင့်မှာ ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်မှာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူက ပုဂံကိုလည်း သွားပြီးတော့ တခြားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနဲ့ အသေးစား ငွေချေး လုပ်ငန်းတွေကိုလည်း လေ့လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ်ချဲလ်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းကိုလည်း သွားရောက်ပြီး နယ်စပ်က ဒုက္ခသည်အရေး ဆွေးနွေးမှာ ဖြစ်သလို အကူအညီပေးနေတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံမယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
မစ်ချဲလ်နဲ့အတူ လူကုန်ကူးမှုတိုက်ဖျက်ရေး သံအမတ် လူးဝစ်စီဒဲလ်ကလည်း ရောက်ရှိလာပါတယ်။ သူတို့ရဲ့ တချို့သော အစည်းအဝေးတွေက အတူဖြစ်မှာ ဖြစ်သလို တချို့ အစည်းအဝေးတွေကတော့ သီးသန့် ဖြစ်ပါလိမ့်မယ်။ အစိုးရရဲ့ လူကုန်းကူးမှုတိုက်ဖျက်ရေး ကိစ္စရပ်များကို လုပ်ဆောင်ရာမှာ ကူညီဖို့နဲ့ လူကုန်ကူးမှု အခြေအနေများကို လေ့လာဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပါတယ်။
အလုပ်သမား အခွင့်အရေး ပိုမိုကောင်းမွန်ရေးနဲ့ လိင်ပိုင်းဆိုင်ရာ ကုန်ကူးတာတွေကို လုပ်ဆောင်တာတွေကို ဒဲရက်မစ်ချဲလ်နဲ့ အတူ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်လို့လည်း ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ရန်ကုန်မှာတော့ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအပါအဝင် အမျိုးသား လူ့အခွင့်အရေး ကောင်စီနဲ့လည်း တွေ့ဆုံသွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။
မနက်ဖြန်မှာတော့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့က ကိုယ်စားလှယ်တွေကလည်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် ဂျိုလ်း ခရော်လေးဟာ အစိုးရအရာရှိများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။