ကရင်ပြည်နယ်က ဘုရားပွဲမှာ ဗုံးကွဲ လူသေဆုံးမှုရှိ
DVB
·
January 9, 2012
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာ ဘုရားပွဲမှာ ဗုံးကွဲလို့ လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရပါတယ်။
ဇန်နဝါရီ ၇ ရက် ညသန်းခေါင်မှာ ပေါက်ကွဲခဲ့တာလို့ ဘုရားပွဲကို ရောက်ခဲ့တဲ့ အနန်းကွင်းရွာသူတဦးက “၇ ရက်နေ့က ဘုရားပွဲစတယ်။ ဘုရားပွဲစတဲ့ညမှာပဲ ညသန်းခေါင်လောက်မှာ ဗုံးပေါက်မှု ဖြစ်တာ။ နေနေရင်းနဲ့ ဒီလိုအသံ ဝေါခနဲဆိုပြီး အသံအကျယ်ကြီး ပေါက်ကွဲသွားတာ။ ကျမတို့ အဲဒီနားမှာပဲ ကျမကို မထိလို့ အရမ်း ကံကောင်းသွားတယ်။ လူကတော့ ၃ ဦး ပွဲချင်းပြီး သေတယ်။ နောက်တဦးက ဆေးရုံမှာ ဆုံးသွားပါတယ်။ ဆေးရုံမှာ သေဆုံးသွားတဲ့သူက အသက် ၁၂ အရွယ်ကလေး ဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ၃၀ ကျော်တယ်။ ၃၀ ဘယ်လောက်လဲတော့ အတိအကျ မသိဘူး။ ဒဏ်ရာရ လူနာတွေကိုတော့ အဲဒီညတွင်းချင်းပဲ မော်လမြိုင်ဆေးရုံကို ပို့ပါတယ်။”
မော်လမြိုင်ဆေးရုံကို မေးမြန်းရာ တာဝန်ကျဆရာမက “ယောကျာ်းလေး ၃ ယောက်၊ မိန်းခလေး ၄ ယောက်ပါ။ လူနာတွေကတော့ ပြင်ပလူနာဌာနပေါ့။ လူနာကို အရေးကြီးရင် ကြီးသလို အဆောင်တွေ ခွဲပေးပြီး တင်လိုက်ရတယ်။ အရိုးဆောင်ရယ်၊ ကလေးခွဲစိတ်ဆောင်၊ အမျိုးသမီး ခွဲစိတ်ဆောင်တို့ အဲလို ပြန်တင်ပေးလိုက်ရတယ်။”
ဆေးရုံကို ၇ ဦး ရောက်သွားပြီး ကျန် ဒဏ်ရာရသူတချို့က ရွာဆေးခန်းမှာပဲ ဆေးကုသမှု ခံယူတယ်လို့ ကေအန်ယူ တပ်မဟာ ၆ က တာဝန်ရှိသူ စောထဲနေက ဒီဗွီဘီကို ပြောပါတယ်။
ဒီဗုံးကွဲမှုမှာ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဖောက်ခွဲတယ်ဆိုတာ မသိရသေးပါဘူး။ ဒဏ်ရာသူတွေ အများစုဟာ အနန်းကွင်းရွာနားက ရွာသားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပြီး ဒီတရားခံမပေါ်တဲ့ ပေါက်ကွဲမှုကြောင့် စိုးရိမ် ထိတ်လန့်နေကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ ကတော့ ကေအန်ယူက ဒီပေါက်ကွဲမှုနဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်၊
“ကျနော်တို့ အနေနဲ့တော့ စိတ်မကောင်းဘူး။ အခုလို ကြားသိရတာ။ ဒါကေအန်ယူ အလုပ်တော့မဟုတ်ဘူး။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး၊ အတွက်ကို ကြိုးစားနေတာပေါ့။ အခုက အပစ်အခတ် ရပ်စဲရေးပေါ့။ အဲဒီအတွက် ကြိုးစားနေတယ်။ ဒါက ကျနော်တို့လုပ်တာ မဟုတ်ဘူး။ ဒါကို ဖျက်ချင်တဲ့အုပ်စုတော့ ရှိမယ်လို့ ထင်တယ်လေ။ အဲလိုဗုံးပေါက်ကွဲမှုတွေ ဘာတွေလုပ်တာ။ ကေအန်ယူကတော့ မဟုတ်တာ သေချာပါတယ်။”
ကရင်အမျိုးသား အစည်းအရုံးဟာ လာမယ့် ၁၂ ရက်နေ့ ကျရင် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘားအံမြို့မှာ အပစ်ခတ်ရပ်စဲရေး သွားရောက် ဆွေးနွေးဖို့ ရှိနေပါတယ်။