ရန်ကုန်၊ မကွေးတွင် ကလေးမွေးနှုန်းကျ၊ ချင်းပြည်နယ်တွင် မွေးနှုန်း အများဆုံးဖြစ်

ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ ကလေးမွေးဖွာနှုန်း ကျဆင်းနေပြီး ကလေးမွေးဖွားနှုန်းအများဆုံးက ချင်းပြည်နယ် ဖြစ်တယ်လို့  မြန်မာနိုင်ငံလူနေမှုဘ၀နဲ့ ကျန်းမာရေးဆိုင်ရာစစ်တမ်းမှာ ဖော်ပြလိုက်ပါတယ်။ အခုလ ၂၃ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူနေမှုဘ၀နဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅-၂၀၁၆ ထုတ်ပြန်ဆွေးနွေးပွဲ အခန်းအနားမှာ တင်ပြခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ပျမ်းမျှအားဖြင့် ကလေး ၂.၃ ဦးနှုန်း ရှိကြောင်း တွေ့ရှိရပါတယ်၊တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လေ့လာကြည့်ရာမှာ အနည်းဆုံး မွေးဖွားနှုန်းကို မကွေးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ တွေ့ရှိရပြီး အမျိုးသမီးတယောက်လျင် ပျမ်းမျှ ကလေး ၁.၈ ဦးနှုန်း ရှိပါတယ်၊ ချင်းပြည်နယ်မှာတော့ အများဆုံးဖြစ်ပြီး ပျမ်းမျှကလေး ၄.၆ ဦးနှုန်းထိ ရှိသည်ကို တွေ့ရပါတယ်။” အိမ်ထောင်ရှင်အမျိုးသမီး ထက်ဝက်ကျော်ဟာ ခေတ်မီ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေကြတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။ တားဆေးထိုးခြင်းဟာ အသုံးအများဆုံးနည်းဖြစ်ပြီးတော့ စားဆေးသောက်ခြင်းကတော့ ဒုတိယ အသုံးအများဆုံးနည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ကလေား အယောက် ၂၀ မှာ ၁ ယောက်ဟာ အသက် ၅ နှစ်မတိုင်မီ သေဆုံးနေကြပြီး အများစုဟာ အသက် ၁ နှစ်အောက် အရွယ်မှာ သေဆုံးနေကြတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။ အခုလို စစ်တမ်းမျိုးကို မြန်မာနိုင်ငံမှာ ပထမဆုံး ကောက်ယူနိုင်ခဲ့တာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်၊ အမျိုးသမီးပေါင်း ၁၂၀၀၀ ကျော်နဲ့ အမျိုးသား ၄၇၀၀ ကျော်တို့ကို မေးမြန်းပြီး ကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြား အမျိုးသမီးများကို မေးမြန်းပြီး ကောက်ယူခဲ့တာဖြစ်သလို စစ်တမ်းမှာ လူဦးရေ၊ ကျန်းမာရေးနဲ့ အာဟာရစီမံချက်များကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီလို စစ်တမ်းကောက်ယူနိုင်ဖို့အတွက် USAID နဲ့ 3MDGs အဖွဲ့များက ငွေကြေးထောက်ပဲ့ခဲ့ပြီး အခု ကျန်းမာရေးစစ်တမ်းကောက်ယူချက်တွေအရ အိမ်ထောင်စုအခြေအနေတွေနဲ့ လူဦးရေ၊ အိမ်ထောင်ပြုတာနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေ၊ ကလေးမွေးဖွားနှုန်း စတဲ့အကြောင်းအရာတွေကိုလည်း အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up