သေနတ်ကိုင် ၀ရမ်းပြေး အမျိုးသမီးကို အမေရိကန်ရဲက ပစ်သတ်သည့်ရုပ်သံ ထွက်ပေါ်

အမေရိကန်နိုင်ငံမှာ ၀ရမ်းပြေး သေနတ်ကိုင် အမျိုးသမီးတဦးကို ရဲက သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားပြည်နယ် တယ်လ်ဆာမြို့မှာ အသက် ၂၁ နှစ်အရွယ် ၀ရမ်းပြေး မက်ဒီဆင်စူရန်ဒစ်ဆင်ကို ရဲက လိုက်လံဖမ်းဆီးရာမှာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ရဲအရာရှိ ဂျွန်နသန်ဂရက်ဖ်တန်က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ၂၁ နှစ်အရွယ် မက်ဒီဆင်စူရန်ဒစ်ဆင်ကို သေနတ်ပစ်ခတ်မှု ၄ မှုအတွက် ရဲတွေက အလိုရှိနေတာလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ခဲ့တဲ့ဖြစ်ရပ်အပါအဝင် တည်းဖြတ်ပြီးသား ဗွီဒီယို သုံးခုပါဝင်တဲ့ ထိတ်လန့်စရာ ရုပ်သံကို မတ်လ ၂၃ ရက်နေ့က ရဲတွေက ထုတ်လွှင့်ခဲ့တာလို့ မေရာရဲ့ မတ်လ ၂၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ တိုက်ခန်းတွဲတွေရှေ့က ပစ်ကပ်ကားတစ်စီးပေါ် ဒစ်ဆင် တက်ပြီး ကားမောင်းသူနဲ့ ထွက်ပြေးသွားတာကို ရဲအရာရှိတွေက မြင်ခဲ့လို့ လိုက်လံဖမ်းဆီးခဲ့တာပါ။ ကားပေါ်ကနေ သူမကဆင်းပြီး ရဲအရာရှိတွေကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက လူတွေအတွက် အန္တရာယ်ကြီးနေလို့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ရဲအရာရှိ ဂရက်ဖ်တန်က ပြောပါတယ်။ ရုပ်သံထဲမှာတော့ ဒစ်ဆင်က ဂျန့်က်စ်အိ့စ်ထ်မူလတန်းကျောင်းရှေ့က ပလက်ဖေါင်းပေါ် ညာလက်မှာ သေနတ်ကိုင်ပြီး ပြေးနေတာကို တွေ့ရမှာပါ။ အဲဒီနောက် သေနတ်သံတွေ ကြားရပြီး ရဲတွေက ဒစ်ဆင်ရဲ့ နောက်ကလိုက်ပြီး သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ကားဘောနက်အောက် ပြုတ်ကျသွားတာ တွေ့ရပါတယ်။ ပစ်ကပ်ကားမောင်းတဲ့ အမျိုးသမီးကိုတော့ ရဲက စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။ ဒစ်ဆင်ဟာ မတ်လ ၂၃ ရက်နေ့ညမှာ အမျိုးသားတဦးရဲ့ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး အဲဒီလူဟာ ဆေးရုံပေါ်မှာ အခြေနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒစ်ဆင်ဟာ ဘက်စ်ဘိုင်ဈေး ဓားပြတိုက်မှုမှာလည်း ဝဲလ်ဂရင်းစတိုးဆိုင်က အမျိုးသမီးတဦးရဲ့ လက်မောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက် ရဲဌာနမှာ ၆ နှစ်ကြာအလုပ်လုပ်ခဲ့သူ သေနတ်နဲ့ပစ်သတ်ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိ ဂရက်ဖ်တန်ကို လစာနဲ့ ခေတ္တအနားပေးထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up