မြန်မာနှင့်အိန္ဒိယ အာရှဖလားဘောလုံးခြေစစ်ပွဲ လက်မှတ်များ စတင်ရောင်းချမည်

မြန်မာ့လက်ရွေးစင် အသင်းနဲ့  အိန္ဒိယ လက်ရွေးစင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့်  ၂၀၁၉ အာရှဖလားဘောလုံး ခြေစစ်ပွဲစဉ်အတွက် လက်မှတ်တွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။ လာမယ့် မတ် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ  ရန်ကုန်မြို့ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းနဲ့ လှည်းတန်းစင်တာမှာ  မနက် ၁၀နာရီကစပြီးရောင်းချမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေကတော့  အထူးတန်း (၃၀၀၀)ကျပ်နဲ့ ရိုးရိုးတန်း (၂၀၀၀)ကျပ်ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ  အိန္ဒိယလက်ရွေးစင်အသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ပထမပွဲအဖြစ် မတ် ၂၈ ရက်ညနေ ရန်ကုန်သုဝဏ္ဏကွင်းမှာ  အိမ်ကွင်းပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ ဒီ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မတ် ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ အင်ဒိုနီးရှား ယူ ၂၂ လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရန်ကုန်မှာ ပြန်လည်ရောက်ရှိလေ့ကျင့်နေပါတယ်။ မြန်မာအသင်းဟာလက်ရှိ ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ်ဖီဖာရဲ့ အခုလနောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့်သတ်မှတ်ချက်အရ  အဆင့် ၁၇၂ နေရာမှာရှိနေပြီး အိန္ဒိယ အသင်းကတော့ အဆင့် ၁၃၂ နေရာမှာ ရပ်တည်နေတာပါ။ မြန်မာ့လက်ရွေးစင်အသင်းကို အုပ်ချုပ်သူအဖြစ် ဦးသန်းတိုးအောင်၊ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်(ဂျာမနီ)၊ လက်ထောက်နည်းပြများအဖြစ် ဦးကြည်လွင်နှင့် ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြအဖြစ် ပိုပေါ့စကီး (မက်ဆီဒိုးနီးယား)တို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကြံ့ခိုင်ရေးနည်းပြသစ် အဖြစ် ပိုပေါ့စကီးကို ၁ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် မတ်လအထိ စာချုပ်ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up