Home
မြန်မာသတင်း
ဖူးခက်တွင် မြန်မာအလုပ်သမားဇနီးမောင်နှံ လုပ်ငန်းခွင်တွင် ဓာတ်လိုက်သေဆုံး
DVB
·
March 24, 2017
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် ဖူးခက်မြို့မှာ မတ်လ ၂၃ ရက်နေ့ညက မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ ၂ ဦး ဓာတ်လိုက်ခံရပြီး သေဆုံးသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မတ်လ ၂၃ ရက် ည ၈ နာရီခွဲလောက်က ဖူးခက်မြို့ ရာဝိုင်ရပ်ကွက်ရှိ ရီဆော့တ် (အိမ်ခြံဟိုတယ်) တခုတွင်း ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် လူနာတင်ကားတွေနဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ တည်းခိုခန်း အခန်းအမှတ် ၁၁ မှာ လဲကျသေဆုံးနေသူ အမျိုးသားတဦးနဲ့ အဆိုပါအခန်းရေအိမ်ထဲမှာ မှောက်လျှက်အနေအထား သေဆုံးနေသူ အမျိုးသမီးတို့ကို တွေ့ရှိခဲ့တာလို့ ချလောင်နယ်မြေရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းမှ သတင်းထောက်ကို ပြောပါတယ်။ သေဆုံးသူတွေမှာ မြန်မာအလုပ်သမား မင်းသိုက်နွန် (အသက် ၂၉ နှစ်) နဲ့ ဇနီးဖြစ်သူ မနွဲ့ (၂၉ နှစ်) တို့ဖြစ်ကြပြီး  စစ်ဆေးချက်အရ အမျိုးသားရဲ့ ညာဘက်လက်မှာ အပူလောင်ဒဏ်ရာတွေ့ရှိရသလို အမျိုးသမီးမှာလည်း ညာဘက်လက်ဖ၀ါးကနေ တထောင်ဆစ်ထိ အပူလောင်ကျွမ်းဒဏ်ရာတွေ တွေ့ ရတယ်လို့ ဆိုပါတယ်။ လုပ်ဖော်ကိုင်ဘက်တို့ ပြောပြချက်အရ မင်းသိုက်နွန်က အဲဒီဟိုတယ်မှာ အလုပ်လုပ်နေပြီး ဇနီးက လာရောက်ကူညီနေတာဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်မှာ ခင်ပွန်းက အခန်းထဲအမှိုက်ရှင်းပြီး မွေ့ယာတွေ ပြင်နေစဉ် ဇနီးမှာ ရေအိမ်ထဲမှာ သန့်ရှင်းရေးလုပ်နေကြောင်း၊ ဇနီးက ရေပန်းကို ဖွင့်ပြီး ရေအိမ်ဆေးဖို့ ပြင်လိုက်စဉ် ဓာတ်လိုက်ခံရလို့ ခင်ပွန်းက သွားရောက်ဆွဲငင်ကူညီရာမှာ သူပါဓာတ်လိုက်ခံရပြီး ၂ ဦးလုံး သေဆုံးသွားတာလို့  ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ သူတို့သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ဟိုတယ်ရဲ့ လျှပ်စစ်မီးကြိုး  ယိုယွင်းမှုတွေ ဆက်လက်စစ်ဆေးနေတယ်လို့  ရဲဝန်ထမ်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024