Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ အစိုးရတပ်အင်အားတိုး
အေးနိုင်
·
January 6, 2012
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ထိုးစစ်ရပ်ဖို့အမိန့်ကို ဖီဆန်ပြီး မြန်မာ့တပ်မတော်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်ကို ထိုးစစ်တိုးမြှင့်ဖို့ အင်အားတွေ ထပ်မံပို့ဆောင်နေပါတယ်။ လက်နက်ချဖို့ ပြောတာကို လက်မခံတဲ့ ကေအိုင်အေကို အစိုးရတပ်တွေက မနှစ်ဇွန်လကတည်းက တိုက်ပွဲဆင်နေတာဖြစ်ပြီး ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့​ ​ကေအိုင်အိုအကြား ဆွေးနွေးပွဲတွေ လုပ်နေဆဲ ဆက်လုပ်ဖို့ ပြင်နေဆဲမှာ အင်အား တိုးမြှင့် ပို့ဆောင်နေတာပါ။ ဒါနဲ့ ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ ​ ​ပြောခွင့်ရသူ ဦးလနန်းက “ဒီရက်ပိုင်းမှာ သူတို့စစ်အင်အားတွေတိုးတာ သိသိသာသာ ဖြစ်လာတယ်။ ဗန်းမော်ဘက်ကိုလည်း မနေ့က သင်္ဘောနှစ်စင်းနဲ့​ ​ရောက်လာတယ်။ နမ့်ခမ်းဘက်မှာလည်း ကား ၁၂ စီးနဲ့ အပြည့်ဝင်လာတယ်။ နောက် ကျနော်တို့ ဌာနချုပ်လိုင်ဇာနဲ့ မိုင် ၂၀ လောက် ရှိတဲ့နေရာမှာ တပ်အင်အား ၆၀၀ လောက် ဖြည့်ထားတာလည်း ရှိတယ်” လို့ ပြောပါတယ်။ ပုံမှန်လုပ်တာတွေ အရင်က ရှိပေမယ့် ဒီရက်ပိုင်း ပိုပြီး ထူးခြားလာတယ်လို့ ဦးလနန်းက ဖြည့်စွက် ပြောပါတယ်။ ကေအိုင်အိုဌာနချုပ်ကို အစိုးရက သိမ်းပိုက်ရေး စီမံချက်တခုကို ကေအိုင်အိုဌာနချုပ်က လက်ခံရရှိထားတယ် ဆိုတဲ့အပေါ် ဟုတ်မဟုတ် မေးကြည့်ရာမှာ “လတ်တလောမှာ ဌာနချုပ် သိမ်းပိုက်ရေး စီမံချက် မရရှိဘဲ ၂၀၀၈ ခုနှစ် ၂၀၀၉ လောက်ကတော့ အဲဒီစီမံချက် ရှိခဲ့တာပါ” လို့ ဦးလနန်းက ဖြေပါတယ်။ သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို  ကေအိုင်အေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့လအစောပိုင်းက အမိန့်ပေးထားပေမယ့် မလိုက်နာဘဲ ဖီဆန်ပြီး တိုက်ခိုက်နေတာပါ။ တလနီးပါး ဖီဆန်မှုနဲ့ ပတ်သက်လို့ အရေးယူမှု တစုံတရာတော့ မကြားသိရသေးပါဘူး။ သမ္မတအမိန့်အပေါ် ကာကွယ်ရေးဦးစီးချုပ်က မလိုက်နာဘဲ ထိုးစစ်ဆင်နေတဲ့အပေါ် ကေအိုင်အိုနဲ့ အစိုးရအကြား နိုင်ငံရေး ဆွေးနွေးပွဲတွေကို ထိခိုက်ဖွယ် ရှိမလားလို့ မေးကြည့်ရာမှာ သီးခြား စဉ်းစားပါတယ်လို့ ဦးလနန်းက ဖြေဆိုသွားပါတယ်။ “အဲဒါက သူတို့ထဲမှာ ဖြစ်တဲ့ကိစ္စတွေပါ။ တိုက်ပွဲတွေဖော်ရင်တော့ ကျနော်တို့က ခံစစ်လုပ်မှာပဲ။ မနေ့ကပဲ  ၆ ပွဲဖြစ်သွားတယ်။ တိုက်ပွဲဖြစ်တာလည်း ဖြစ်တာပေါ့ဗျာ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကိစ္စကလည်း အခွင့်အလမ်း ရှိလာမယ်ဆိုရင် လုပ်ဖို့ အဆင်သင့်ပါပဲ။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ် လုပ်တဲ့အချက်ပေါ်မှာ မူတည်ပြီးတော့ တိုက်တာခိုက်တာတွေက လျော့နည်းသွားမယ်လို့ မျှော်လင့်တယ်ခင်ဗျ။ တိုက်ပွဲဖြစ်နေတဲ့ အတွက်ကြောင့် တွေ့ဆုံဆွေးနွေးမှုကို မလုပ်တော့ဘူး ဆိုတာတော့ မဟုတ်ဘူးဗျ။ အဓိကဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုကိုပဲ ကျနော်တို့ အဓိကထားပြီးတော့ ဖြေရှင်းသွားဖို့ ဆန္ဒရှိပါတယ်။” ကေအိုင်အိုအဖွဲ့ဟာ တိုင်းရင်းသားအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဝင် ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် ပျက်ပြယ်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးကို သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တဖန် ပြန်ဆွေးနွေးနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024