Home
မြန်မာသတင်း
မီးတောင်ဟောင်း သို့မဟုတ် အပူပိုင်းဒေသက အိုအေစစ်
DVB
·
March 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ကနီမြိုကနယ်၊ တွင်းအုပ်စု၊ တွင်းမမှာ အရင်က တွင်းတောင်လို စိမ်းပြာရေညှိ၊ တွင်းပိုး၊ ပိုဆိုလန် (ခေါ်) မီးတောင် ပြာမှုန်တွေ၊ သဲဆပ်ပြာတွေ၊ ဆားတွေ၊ အုန်းတံ တံမြက်စည်းတွေ ထွက်ရှိခဲ့ပြီး အခုအခါမှာတော့ အလွန်အကျွံထုတ်ယူ သုံးစွဲမှုတွေကြောင့် အထွက်နှုန်းတွေ လျော့ကျနေပြီဖြစ်ပါတယ်။ တွင်းအုပ်စုမှာ တွင်းမ၊ တွင်းထဲ၊ ပက်ကြားဝ၊ တောင်ပျောက်၊ ဘုရားကြီးစုဆိုပြီး ရွာ ၅ ရွာရှိပါတယ်။ တွင်းထဲရွာမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ဝန်းကျင်က အိမ်ခြေ ၁၅၀ လောက် ရှိခဲ့ပေမယ့် တွင်းပေါ်ကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းခဲ့ရတာကြောင့် အိမ်ခြေ ၄၀ ကျော်သာ ကျန်ရှိပါတော့တယ်။ ဒေသခံတွေက ကွမ်းစိုက်ပျိုးတာ၊ သဲဆပ်ပြာရောင်းတာ၊ တောင်သူလုပ်တာ၊ တွင်းပိုးဖမ်းတာ၊ မွေးမြူရေးလုပ်တာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လူသိနည်းခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်၊ နှစ်နှစ်ဝန်းကျင်ကစပြီး သာယာဖွယ်ကောင်းတဲ့ တွင်းမအကြောင်းကို လူမှုကွန်ရက်တွေမှာ ပျံ့နှံ့တာကနေ လူသိများလာခဲ့တာကြောင့် အခုဆို ပြည်တွင်းက လာရောက် လည်ပတ်သူတွေတင်မက ပြည်ပက နိုင်ငံခြားခရီးသွားတွေပါ လာရောက်လည်ပတ်နေကြပြီ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေကဲ့သို့ အစိုးရရုံးပိတ်ရက်တွေ၊ ဥပုသ်နေ့လို အခါကြီး ရက်ကြီးနေ့တွေမှာ မုံရွာအနီးတ၀ိုက်က ဒေသခံတွေ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ ရပ်ဝေးက လာရောက် သူတွေနဲ့ စည်ကားစပြုနေပြီဖြစ်ပါတယ်။ လည်ပတ်ချင်စရာနေရာတခုဖြစ်သလို လာရောက်လည်ပတ် သူတွေကတော့ အပူပိုင်းက ပင်လည်ကမ်းခြေလို့ ပြောတဲ့သူတွေရှိသလို အိုအေစစ်လေးတို့ တင်စားပြောဆိုသူတွေလည်း ရှိပါတယ်။ ကုန်းပေါ်မှာ ထန်းပင်ကလွဲလို့ သစ်ပင်ကြီးကြီးမားမားမရှိ ပူပြင်းခြောက်သွေ့လွန်းလှပေမယ့် တွင်းထဲဆင်းလိုက်တာနဲ့ အုန်းပင်တွေကြားက လတ်ဆတ်အေးမြတဲ့ လေကို ရှူရှိုက်ရမှာဖြစ်ပါတယ်။ တွင်းထဲမှာ အုန်းရေ၊ ငါးကြော်၊ ပင်ကျရေစစ်စစ်တွေအပြင် ဟွန်ဒါအင်ဂျင်တပ်ထားတဲ့ လှေကလေးကို စီးပြီး တွင်းတစ်ပတ် လှည့်ပတ်ကြည့်ရှုလို့ရပါသေးတယ်။ ဒေသထွက်အနေနဲ့ ဝါတွင်းကာလမှာတော့ တွင်းပိုးသုပ်၊ တွင်းပိုးကြော်တွေလည်း စားနိုင်တယ်လို့ ဆိုပါတယ်။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ တွင်းမအပြင် မီးတောင်ဟောင်းတွေဖြစ်တဲ့ လည်ရှည်တွင်း၊ တောင်ပျောက်တွင်းတွေလည်း ရှိပါသေးတယ်။ တတွင်းနဲ့တတွင်း ပျှမ်းမျှအားဖြင့် ၁ မိုင်ဝန်းကျင်သာ ကွာဝေးကြပါတယ်။ လည်ရှည်တွင်းက ရေချိုတွင်းဖြစ်ပြီး ရေခန်းသလောက်ဖြစ်နေပါပြီ။ တောင်ပျောက်တွင်းကတော့ စိမ်းပြာရေညှိမထွက်တော့ဘဲ တီလားဗီးယားငါးမွေးမြူရေးတွေကို ဒေသခံတွေက ပြောင်းလဲလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတည့်တည့် ဘုတလင်မြို့နယ်မှာတော့ စိမ်းပြာရေညှိအများဆုံးထွက်ရှိရာ ကမ္ဘာကျော် မီးတောင်ဟောင်း တွင်းတောင်ဆိုတာရှိပါတယ်။ အခုဆိုရင် တိုင်းဒေသကြီးအစိုးရကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး တွင်းတောင်ဒေသ၊ တွင်းမဒေသတွေကို ခရီးသွားအပန်းဖြေ အနားယူရာနေရာတွေအဖြစ် ဖော်ဆောင်နိုင်ဖို့ ပမာဏအနေနဲ့ လမ်းဖောက်လုပ်တာတွေကို ပြုလုပ်နေပါတယ်။ မြေသားလမ်းဖောက်လုပ်ခြင်းအတွက် တိုင်းဒေသကြီးပိုလျှံငွေကနေ ၅ မိုင်သာ ကွာဝေးတဲ့ မြေသားလမ်းအတွက် ကျပ်သိန်း ၁၂၀၀ထိသုံးစွဲဖို့လျာထားပြီးဖြစ်ပါတယ်။ လမ်းဖောက်လုပ်တာတွေ ပြီးစီးသွားရင်တော့ ခရီးသွားတွေ ပိုမိုဝင်ရောက်လာနိုင်ဖွယ်ရှိပြီး ဒေသခံတွေအနေနဲ့လည်း စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒေသခံတွေကတော့ မိရိုးဖလာ အလုပ်တွေကနေ တဖြည်းဖြည်းနဲ့ ခရီးသွားအခြေခံစီးပွားရေးလုပ်ငန်းတွေကို ပြောင်းလဲစပြုလာနေပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024