Home
မြန်မာသတင်း
မြန်မာသစ်ခွများပိုမိုစိုက်ပျိုးလာစေရန် မြေပဒေသာကျွန်းတွင် စီစဉ်
DVB
·
March 23, 2017
မြန်မာနိုင်ငံမှာ သစ်ခွစိုက်ပျိုးမှု ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ပြီး  စိုက်ပျိုးရေးဦးစီးဌာနက ရန်ကုန် မြေပဒေသာကျွန်းမှာ  သစ်ခွတွေ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူရောင်းချပေးဖို့ အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်တွေထဲမှာ  သစ်ခွ စိုက်ပျိုးနည်းပညာတွေဖြန့်ဝေတာ၊ သင်တန်းတွေပေးတာ၊ ဆွေးနွေးပွဲတွေကျင်းပတာ၊ မြန်မာပြည်အောက်ပိုင်းမှာ ဖူးပွင့်နိုင်မယ့် သစ်ခွမျိုးတွေကိုရွေးချယ်ပြီး သစ်ခွချစ်သူတွေအတွက် အသင့်စိုက်မြန်မာသစ်ခွ တစ်ပင်ကို ကျပ် ၁ထောင် နှုန်းနဲ့ ရောင်းချပေးတာတွေ ပါဝင်တယ်လို့  စိုက်ပျိုးရေးဦးစီးဌာန၊ မြေပဒေသာ ကျွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးခိုင်ကဒီဗွီဘီကိုပြောပါတယ်။ “မြန်မာသစ်ခွတွေကို မျိုးစုဆောင်းပြီးတော့ ဌာနက ခြံထဲမှာလည်း ဒေသနဲ့ ကိုက်ညီတဲ့ မျိုးတွေကိုစုဆောင်း ထားတယ်။ ပြည်သူတွေကို စိတ်ပါလက်ပါ ပါဝင်ဖို့ကျတော့ အဓိက ဈေးနှုန်း သက် သက်သာသာနဲ့ ဖြန့်ဖြူးပေးမယ်။ လွယ်ကူ ရှင်းလင်းတဲ့ စိုက်နည်းစနစ်တွေနဲ့ စိုက်နိုင်အောင်စည်းရုံးမှာ၊ အဲဒါကြောင့်မို့လို့ အဲဒါကို စပြီးတော့ လုပ်မှာပါ။ ရန်ကုန်မှာ ဖြစ်နိုင်တဲ့ သစ်ခွ ဆယ်မျိုးလောက်ကနေ စပြီးတော့ လုပ်မယ်။ တမျိုးရာင်းရလည်း ဆယ်မျိုးဆို အပင်တစ်ထောင်ပေါ့နော်။ လစဉ်လိုမျိုး စလုပ်သွားရင် မဆိုးဘူးလို့ထင်ပါတယ်။ အဲဒါလေး စလုပ်သွားမယ်” အဆိုပါသစ်ခွအစီအစဉ်မှာ  ဒေသနဲ့ ကိုက်ညီစွာ ဖူးပွင့်နိုင်မယ့် မြန်မာသစ်ခွမျိုးတွေဖြစ်တဲ့ ပင်လယ်နီ၊ ရတနာရွှေခက်၊ ငွေပန်း၊ ၀ါဆိုပန်း(ရိုးတံဖြူ)၊ ဆင်မမျက်ကွင်း(ကျွဲမျက်လုံး)၊ ကြောင်မြီးနံ့သာ၊ ကြောင်မြီးတူ၊ ခမောက်ကြိုး၊ ခွန်မြစမ်း စသည့်မျိုးဆယ်မျိုးကို အဆိုပါအစီအစဉ် အတွက် ရွေးချယ်ထားတယ်လို့သိရပါတယ်။ မှတ်တမ်းတွေအရ ဒေသအနှံ့အပြားမှာ မြန်မာသစ်ခွ မျိုး ၈၀၀ ကျော်ရှိပြီး စီးပွားဖြစ်ရောင်းချနေပေမယ့် စနစ်တကျ စိုက်ပျိုးတာမဟုတ်ပဲ သဘာဝတောတွေကသာ ခွာယူရောင်းချနေတာဖြစ်ပါတယ်။ မြန်မာသစ်ခွကို နှစ်သက်တဲ့ မော်လမြိုင်မြို့က ရွှေ့ပြောင်းအခြေချလာတဲ့ ဒေါ်ခင်ဝင်းက “မြန်မာသစ်ခွက တောမှာဆိုရင် အပင်မှာ ကပ်ထားလိုက်တာပဲ။  ဒီကိုရောက်တော့ မစိုက်သေးဘူး။ ဒီပြင်သစ်ခွတွေစိုက်တယ်။ အခုက တွေ့လို့၊ တောကလာတာဆိုတော့ တောသစ်ခွ(မြန်မာ သစ်ခွ)တော့ ပိုကြိုက်တာပေါ့”လို့ ပြောပါတယ်။ မြန်မာ့မျိုးရင်း သစ်ခွတွေအတွက် ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင် ဒေါက်တာစိန်လှဗိုလ်က “မြန်မာသစ်ခွနဲ့ ပတ်သက်ပြီးတော့ ဘယ်နှမျိုးလောက်စုလို့ရနိုင်သေးလဲ၊ ပြည်သူလူထု လက်ထဲမှာ ဘယ်လောက်စုပြီးသားရှိနေလဲ။ မရှိသေးဘူးဆိုရင် ရှိနေတာတွေကို ဘယ်မှာ စုရမလဲ၊ မျိုးစုဖို့လိုမယ်။ မျိုးစုပြီး တော့ မျိုးပြန်ခွဲဖို့လိုမယ်။ ခွဲပြီးတော့ မျိုးစိတ်က ဘာတွေလဲ၊ ဒီမျိုးစိတ်က ဘယ်မှာ တွေ့ရလဲ။ လုပ်ပြီးရင် ဒေသအလိုက် ဘယ်မျိုးတွေက ထင်ရှားလဲ၊ အလားအလာကောင်းလဲ။ နောက်ရာသီလိုက်ပွင့်တာဖြစ်တဲ့အတွက် ကိုယ်ပွင့်ချင်တဲ့အချိန်ပွင့်အောင် ဘယ်လိုလုပ်မလဲ၊ လုပ်စရာတွေက အများကြီးပါ”လို့ ပြောပါတယ်။ သစ်ခွပန်းအစိုကို ဘုရားပန်းအတွက်သော်လည်းကောင်း၊ အမြတ်တနိုး ပန်ဆင်ဖို့အတွက် သော်လည်းကောင်း၊ အလှပန်းအိုးအတွက်သော်လည်းကောင်း၊ အခမ်းအနားတွေမှာ သော်လည်းကောင်း နှစ်သက်စွာသုံးစွဲကြတဲ့ မြန်မာတွေအတွက် ပြည်ပ သွင်းကုန်ပန်း လိုအပ်ချက် ကို အစားထိုးနိုင်ဖို့ မြန်မာသစ်ခွတွေ ပိုမိုစိုက်ပျိုးဖို့လိုအပ်နေတာဖြစ်ပါတယ်။ သတင်း- ရူပါအောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024