ချင်းအမျိုးသားတပ်ဦးနှင့် ပြည်နယ်အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်
နန်းမြနဒီ
·
January 5, 2012
ချင်းပြည်နယ်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့စတင်တယ်လို့ ဟားခါးမြို့နေ စောင့်ကြည့်အကဲခတ်တဦးက ပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက် ဆွေးနွေးမယ်လို့ သိရပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။
အခုလ ၄ ရက်နေ့က ဟားခါးမြို့ကိုရောက်ရှိလာကြတဲ့ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံချင်းပြည်သူ ထောင်ချီပြီး ကြိုဆိုခဲ့ကြပါတယ်။
၁၉၈၈ လူထုအုံကြွမှုအပြီး တည်ထောင်ပြီး စစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်လည်းဖြစ်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။