Live
Home
မေးမြန်းခန်း
မြန်မာ့​အထည်ချုပ်လုပ်ငန်း​အ​ခြေအ​နေနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက်
အေးနိုင်
·
January 5, 2012
ဓာတ်ဆီ​ဈေး​တက် လျှပ်စစ်မီတာခ​တွေလည်း​တက်တဲ့​အတွက် အထည်ချုပ်လုပ်ငန်း​တွေရဲ့​ အ​ခြေအ​နေနဲ့​ နိုင်ငံ​ရေး​ဖြစ်ထွန်း​မှု​တွေအရ စီး​ပွား​ရေး​ပိတ်ဆို့​ထား​တဲ့​ အ​မေရိကန်၊​ အီး​ယူ နိုင်ငံ​တွေက ပြန်ရုပ်သိမ်း​ဖို့​ အလား​အလာ​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း​ လုပ်ငန်း​ရှင်များ​ အသင်း​ချုပ် ဥက္ကဋ္ဌ ဦး​မြင့်​စိုး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ အခု စီး​ပွား​ရေး​ပိတ်ဆို့​မှုနဲ့​ ပတ်သက်ပြီး​တော့​ နည်း​နည်း​အ​လျှော့​အတင်း​တွေ ရှိတယ်ဆို​တော့​ အထည်ချုပ်လုပ်ငန်း​ရဲ့​ အလား​အလာ ဘယ်လိုရှိလဲ​။ “လက်ရှိအ​ခြေအ​နေက​တော့​ ကျ​နော်တို့​က အ​ရှေ့​ဈေး​ကွက်​တွေ​တော့​ သွား​နေပါတယ်။ အ​ရှေ့​ဈေး​ကွက်​တွေဆိုတာ ကျ​နော်တို့​ရဲ့​ ထက်ဝက်​ကျော် ပို့​ကုန်​တွေက ​တောင်ကိုရီး​ယား​နဲ့​ ဂျပန်ကိုသွား​နေတယ်။ ကျန်တာက​တော့​ ဥ​ရောပနဲ့​ လက်တင်အ​မေရိကား​ကို သွား​တယ်။ နှစ်အလိုက်က​တော့​ တိုး​တက်မှုရှိတယ်။ ဒါ​ပေမယ့်​ တိုး​တက်သင့်​သ​လောက်​တော့​ မတိုး​တက်​သေး​ဘူး​။” သမ္မတဦး​သိန်း​စိန်အစိုး​ရလက်ထက်မှာ အ​ပြောင်း​အလဲတချို့​ ဖြစ်​ပေါ်ပြီး​တဲ့​နောက်မှာ စီး​ပွား​ရေး​ပိတ်ဆို့​မှုနဲ့​ ပတ်သက်ပြီး​တော့​ ဥ​ရောပက​တောင်မှပဲ နည်း​နည်း​ပါး​ပါး​ ​လျှော့​ပေါ့​ပေး​တာရှိတယ်။ အ​မေရိကား​ကဆို ကလင်တန်​တောင် လာသွား​တာဆို​တော့​လေ။ “နှစ်ခုလုံး​က​တော့​ ဘာမှထူး​ခြား​မှုမရှိ​သေး​ပါဘူး​၊​ ဒါ​ပေမဲ့​ ​ဆောင်ရွက်မှု​လေး​ ​တွေက​တော့​ ဥ​ရောပဆိုရင်လည်း​ ကျ​နော်တို့​ GSP ​ခေါ်တာ​ပေါ့​၊​ GSP ကို ကင်း​လွတ်ခွင့်​ပေး​ဖို့​။ GSP ဆိုတာ အခွန်သက်သာခွင့်​ကို​ပြောတာပါ။ အဲဒါ​လေး​တွေ ရဖို့​ ကြိုး​စား​နေတာရှိပါတယ်။ အ​မေရိကား​က​တော့​ သူက ဥပ​ဒေနဲ့​ ပြဋ္ဌာန်း​ထား​တာ ဖြစ်တဲ့​အတွက် အဲဒီဥပ​ဒေ ပြင်နိုင်မှသာလျှင် ကျ​နော်တို့​ စီး​ပွား​ရေး​ဒဏ်ခတ်ပိတ်ဆို့​မှုက လွတ်မှာ​ပေါ့​။” ဒါဆိုရင် သိသိသာသာ ​ပြောင်း​လဲတာဆိုလို့​ မရှိ​သေး​ဘူး​ပေါ့​နော်။ “အမှန်က​တော့​ ပိတ်ဆို့​အ​ရေး​ယူမှုနဲ့​ ပတ်သက်လို့​ သက်သာခွင့်​တို့​၊​ ​ပြောင်း​လဲမှုတို့​တော့​ မရှိ​သေး​ဘူး​။ သက်သာ​အောင်၊​ ​ပြောင်း​လဲ​အောင်၊​ ကြိုး​စား​မှု ညှိနှိုင်း​မှု​တွေပဲ ရှိတာ။” ပိတ်ဆို့​အ​ရေး​ယူတာ မရုပ်သိမ်း​ရင်​တောင်မှပဲ အခုန​ပြောတဲ့​ အခွန်သက်သာခွင့်​ ဆိုတဲ့​ဟာ ဘယ်နိုင်ငံ​တွေနဲ့​ အကျုံး​ဝင်လည်း​ ရှင်း​ပြ​ပေး​ပါလား​။ “ဖွံ့​ဖြိုး​မှုအနည်း​ဆုံး​နိုင်ငံ​တွေ အကုန်အကျုံး​ဝင်တယ်။ ကျ​နော်တို့​ နိုင်ငံမှအပ။” ကျ​နော်တို့​နိုင်ငံက ပိတ်ဆို့​အ​ရေး​ယူမှုနဲ့​ ငြိ​နေလို့​ အဲဒါ အကျုံး​မဝင်​သေး​တာ​ပေါ့​။ “မဟုတ်ဘူး​။ ၉၇ ခု ကတည်း​က ကျ​နော်တို့​ နိုင်ငံကို သူက အရင်တုန်း​က​တော့​ သက်သာခွင့်​ပေး​တယ်။ ဒါ​ပေမယ့်​ မြန်မာပြည်ကို မ​ပေး​တော့​ဘူး​ဆိုပြီး​ ပြန်ရုပ်သိမ်း​သွား​တာ​ပေါ့​။” အခု အလား​အလာ​ကောင်း​လား​။ “​ကောင်း​လား​ဆို သူကလည်း​ လူအများ​ကြီး​၊​ နိုင်ငံအများ​ကြီး​နဲ့​ လုပ်ရတာဆို​တော့​ သိပ်​တော့​ လွယ်လွယ်ကူကူ​တော့​ မဖြစ်နိုင်ဘူး​။” အခု မီတာခ​တွေဘာ​တွေက နည်း​နည်း​ဈေး​တက်လာ​တော့​ ဦး​တို့​ ကိုက်ရဲ့​လား​။ “မီတာခက​တော့​ ဒီလိုစဉ်း​စား​ဗျ။ ကျ​နော်တို့​ အရင်တုန်း​က မီး​စက်နဲ့​တောင် ဖြတ်သန်း​ခဲ့​ကြရတာ။ အဲဒီ​တော့​ မီတာခနဲ့​ အရင်တုန်း​က ဒီဇယ်နဲ့​ လည်လို့​ ကုန်ကျစရိတ်နဲ့​ မီတာခတက်တာနဲ့​က ဘာမှမဆိုင်ဘူး​။ ဒါ​လေး​က နည်း​နည်း​လေး​ပဲ တက်တာ။ အရင်တုန်း​ကဆိုရင် ​သောက်​သောက်လဲ ကုန်တာ​ပေါ့​။ အဲဒီ​တော့​ ကျ​နော် ​ပြောတာက အရင်ထက်​တော့​ အခု မီတာခ ၅၀ က​နေ ၇၅ ဖြစ်တဲ့​အတွက် ၂၅ ​တော့​ ပိုကုန်တာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ ​ထောင်း​သာလား​၊​ မ​ထောင်း​သာလား​ဆို ကျ​နော်က ဒီဇယ်နဲ့​ ပြန်ပြီး​ နှိုင်း​ချိန်ပြီး​ ​ပြောချင်တာ။ ဘာ​ကြောင့်​လဲဆို နိုင်ငံ​တော်ဆိုတာကလည်း​ အကုန်လုံး​ ခွက်ခွက်လန်​အောင် ရှုံး​နေတာမျိုး​ကြီး​ ဒီအတိုင်း​ကြီး​ ဆက်လုပ်ပါ ဆို​တော့​လည်း​ တချိန် သူရပ်သွား​မှာ​ပေါ့​ ပိုက်ဆံမရှိရင်​လေ။” အခုက မီး​က ​တော်​တော်မှန်​နေတယ်​နော်။ “မှန်တယ်၊​ မီး​က​တော့​ ​ပြောစရာမလိုပါဘူး​။ မီး​ပြတ်တဲ့​အချိန်က သူ့​ system ကြိုး​လေး​တွေ မှား​ယွင်း​ပြီး​တော့​ ပြတ်တာမျိုး​ပဲ ဖြစ်တာ။ လူ​နေရပ်ကွက်​တွေဆိုရင် မပြတ်သ​လောက်ဖြစ်သွား​ပြီ။ မီး​ပြတ်တာ​တောင် လူ​တွေက နည်း​နည်း​မေ့​နေသလို ဖြစ်​နေတယ်။” နိုင်ငံ​ရေး​မှာ သက်ဆိုင်ရာ ဒီ ပိတ်ဆို့​အ​ရေး​ယူတဲ့​နိုင်ငံ​တွေက အရာရှိကြီး​တွေ လာလာ​နေ​တော့​ လုပ်ငန်း​ရှင်အသင်း​လေး​တွေကို ကိုယ်စား​ပြုပြီး​တော့​ ဦး​တို့​က အများ​ကြီး​ချုပ်ထား​တဲ့​ အသင်း​တခုလို့​တောင် ​ပြောလို့​ရတယ်။ အဲဒီ​တော့​ ဦး​တို့​အ​နေနဲ့​က ဒီအစိုး​ရသက်တမ်း​ ကာလမှာ ၄-၅ နှစ် အတွင်း​မှာ အ​ပြောင်း​အလဲ​တွေ ဖြစ်မယ်လို့​ ထင်လား​၊​ ဘယ်လိုမြင်လဲ။ “စီး​ပွား​ရေး​က​တော့​ ​ပြောင်း​မယ်ဗျ။ အခု​လော​လောဆယ်​တော့​ နိုင်ငံ​ရေး​ ​ပြောင်း​တာက​တော့​ ဘယ်နိုင်ငံမှ ဒီ​လောက်အထိ ကျုပ်တို့​နိုင်ငံလို မြန်မြန်ဆန်ဆန် မ​ပြောင်း​ဘူး​။ ​သွေး​ထွက်သံယိုမှု ကင်း​စွာနဲ့​ အာဏာရှင်က​နေပြီး​တော့​ ဒီမိုက​ရေစီကို မသွား​ဘူး​ပေါ့​။ ဒီမိုက​ရေစီဆိုတာက​တော့​ နည်း​နည်း​ပြောဖို့​ရာက​တော့​ ​စော​သေး​တာ​ပေါ့​။ ဒါ​ပေမယ့်​ စီး​ပွား​ရေး​ဆိုတဲ့​ ​နေရာမှာ​တော့​ စီး​ပွား​ရေး​က သူ့​ရဲ့​သမိုင်း​ကြောင်း​တွေ အ​ပေါ်မှာလည်း​ အ​ခြေခံသလို လူ​တွေရဲ့​ သူရရှိ​နေတဲ့​ ​ဈေး​ကွက်အ​ပေါ်မှာလည်း​ အများ​ကြီး​အ​ခြေခံတယ်။ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ဆိုတာက ​ဈေး​ကွက်က အ​ရေး​အကြီး​ဆုံး​ပဲ။ အခု ဥ​ရောပ ​ဈေး​ကွက်ကလည်း​ ကျ​နော်တို့​ကို GSP မ​ပေး​ဘူး​။ GSP မ​ပေး​တဲ့​အခါကျ​တော့​ ၁၀ က​နေ ၁၅ ရာခိုင်နှုန်း​လောက် သူများ​နိုင်ငံ​တွေနဲ့​ ၁၀၀ မှာ ၁၀ ရာခိုင်နှုန်း​ဆို​တော့​ ကမ္ဘာ​ပေါ်မှာ အများ​ကြီး​ ကွာသွား​ပြီ ကမ္ဘာ့​နိုင်ငံ​တွေနဲ့​။ အဲဒီ​တော့​ ဘယ်သူမှ အခုအချိန်မှာ စီး​ပွား​ရေး​ကလည်း​ သူတို့​မှာလည်း​ ဒုက္ခ​တွေ ​ရောက်​နေတဲ့​အခါကျ​တော့​ ကျ​နော်တို့​ဘက်ကို မလှည့်​နိုင်ဘူး​။ အဲဒီ​တော့​ ​ဈေး​ကွက်အ​ခြေအ​နေအ​ပေါ်မှာလည်း​ စီး​ပွား​ရေး​က မူတည်တယ်၊​ လူ​တွေရဲ့​ လုပ်နိုင် ကိုင်နိုင်စွမ်း​အ​ပေါ်မှာလည်း​ မူတည်တယ်။ အစိုး​ရရဲ့​ ​ပေါ်လစီအ​ပေါ်မှာလည်း​ မူတည်တာ​ပေါ့​။ အစိုး​ရရဲ့​ ​ပေါ်လစီက​တော့​ တဖြည်း​ဖြည်း​တော့​ ​ပြောင်း​နေတာ​ပေါ့​။” တကယ်လို့​များ​ အီး​ယူတို့​ အ​မေရိကား​တို့​က​နေ ပိတ်ဆို့​အ​ရေး​ယူမှု​တွေ ရုပ်သိမ်း​လိုက်တယ် ဆိုလို့​ရှိရင် ဗမာပြည်မှာ အိမ်နီး​ချင်း​ ထိုင်း​တို့​၊​ စင်ကာပူတို့​၊​ မ​လေး​တို့​ကို ယှဉ်ပြိုင်နိုင်​လောက်တဲ့​ လုပ်သား​အင်အား​ ကျွမ်း​ကျင်မှု​တွေ အဲဒါ​တွေက​ရော ဘယ်​လောက်အထိ​အောင် ပြီး​ပြည့်​စုံ​နေပြီလဲ။ “လုပ်သား​အင်အား​ ကျွမ်း​ကျင်မှု အ​နေနဲ့​က​တော့​ အများ​ကြီး​ လုပ်ရဦး​မှာ။ ကျ​နော်တို့​ အခုအချိန်မှာ အ​ထွေ​ထွေမန်​နေဂျာ ​ကောင်း​ကောင်း​တောင် ရှာရတာ ခက်တာကိုး​။ သို့​သော် အဲဒါ​တွေက ဘာဖြစ်လဲဆို​တော့​ ပွဲ​ကောင်း​ကောင်း​မှာ ကန်ဖူး​ရင် ​ဘောလုံး​သမား​က ​ကောင်း​သွား​တာ အဲဒီလို ဖြစ်ရမှာ။ အဲဒီ​တော့​ ရင်း​နှီး​မြှုပ်နှံမှု လာပြီး​တော့​ သူတို့​ဘက်ကလည်း​ ရင်း​နှီး​မြှုပ်နှံမှု ကြီး​ကြီး​နဲ့​ ကုမ္ပဏီကြီး​ကြီး​တွေ လာမယ်၊​ ကျ​နော်တို့​ဘက်ကလည်း​ အဲဒါကို သူတို့​ သင်ကြား​မှု၊​ သူတို့​ ညွှန်ကြား​မှုအတိုင်း​ ကြိုး​စား​ကြမယ်ဆိုရင်​တော့​ capacity (လုပ်နိုင်စွမ်း​) က တက်လာမယ်။ ကျ​နော် ဆိုလိုတာက on the Job Training' (OJT) အလုပ်သင်ပဲ ရှိတာ၊​ ဖွဲ့​စည်း​ပုံ institution က ကျ​နော်တို့​မှာ မရှိ​သေး​ဘူး​။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024