ဂျာမနီနှင့်ခြေစမ်းမည့် အင်္ဂလန်အသင်းတွင် ဖီးလ်ဂျုံး၊ စတာလင်နှင့် အန်တိုနီယိုတို့ ဒဏ်ရာရ

ဂျာမနီနဲ့ခြေစမ်းမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ နောက်ခံလူ ဖီးလ်ဂျုံး၊ တောင်ပံကစားသမား အန်တိုနီယိုနဲ့ စတာလင်တို့ ဒဏ်ရာရရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းတောင်ပံတိုက်စစ်ကစားသမား အန်တိုနီယိုဟာ ကလပ်အသင်းပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးဟာလည်း လေ့ကျင့်ရေးကွင်းမှာ စမောလင်းနဲ့ ထိခိုက်မိတာကြောင့် ခြေချောင်းရိုး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက စတာလင်ဟာလည်း မတ်လ ၂၁ ရက်နေ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ခြေစမ်းပွဲကို မတ်လ ၂၃ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဂျာမနီအသင်းမှာ အာဆင်နယ် ကစားသမားဟောင်း ပိုဒေါလ်စကီးက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာမှာဖြစ်ပြီး ဂိုးသမား နူအာ၊ အိုဇေးလ်၊ ဒရက်ဇ်လာနဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လတုန်းက နောက်ဆုံးအကြိမ် ခြေစမ်းခဲ့ပြီး အင်္ဂလန်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up