တရုတ်နိုင်ငံတွင် အာကာသ သရက်သီးမျိုးစိတ် စမ်းသပ်မှုအောင်မြင်

ဓာတ်ပုံ - ရိုက်တာ
ရှန်းဂျိုး-11 အာကာသယာဉ်နဲ့အတူ ကမ္ဘာပတ်လမ်းမှာ ၃၃ ရက် သယ်ဆောင်သွားခဲ့တဲ့ သရက်ပင်ပေါက်လေးတွေဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်က ဓာတ်ခွဲခန်းမှာ ဆဲလ်အသစ်တွေ ထွက်လာပြီး ဆက်လက်ရှင်သန်နေတာကို တွေ့ရပါတယ်။ ဒီအစီအစဉ်ကို တရုတ်နိုင်ငံ အပူပိုင်းဒေသ စိုက်ပျိုးရေးသိပ္ပံကျောင်းအတွက် ရည်ရွယ်ပြီး ဟိုင်နန်ပြည်နယ် လယ်ယာ စိုက်ပျိုး စီးပွား အဖွဲ့အစည်းနဲ့ တောင်ပိုင်းဒေသ အပူပိုင်းစိုက်ပျိုးရေး သုတေသနဌာနတို့က ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ သရက်မျိုးစေ့ထည့်ထားတဲ့ ဘူးပေါင်း ၁၀၀၀ လောက်ကို မျိုးဖောက်ဖို့ ရှန်းဂျိုး-11 အာကာသယာဉ်နဲ့ ထည့်ပေးလိုက်တာဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ခဲ့ပါက ကမ္ဘာ့ပထမဆုံး အာကာသ သရက်မျိုး ဖြစ်လာမယ့်အကြောင်း ဟိုင်နန်ပြည်နယ် လယ်ယာ စိုက်ပျိုး စီးပွားအဖွဲ့အစည်းက အာကာသ သရက်သီး အစီအစဉ်ရဲ့ခေါင်းဆောင်က ပြောခဲ့ပါတယ်။ သရက်သီးမျိုးစေ့တွေဟာ မျိုးဗီဇပြောင်းလဲမှု ပြုလုပ်ရာ အာကာသခရီးစဉ်အတွင်း ရေဒီယိုလှိုင်းတွေကိုဖြတ်ပြီး အာကာသယာဉ်ထဲက ဖိအားအမျိုးမျိုးကိုလည်း ခံခဲ့ရသလို ကမ္ဘာ့ဆွဲအား မရှိတဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ သုတေသနပညာရှင်တွေက ဘူးထဲမှာ ဆက်လက်ရှင်သန်နေတဲ့ သရက်ပင်တွေရဲ့ ပြောင်းလဲမှုတွေကို လေ့လာပြီး အာကာသ သရက်သီးမျိုးစိတ်အဖြစ်နဲ့ စိုက်ပျိုးသွားမှာပါ။ ဒီမျိုးစိတ်တွေဟာ ပိုးမွှားဒဏ်ကိုခံနိုင်ပြီး သီးနှုန်းလည်းကောင်းမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up