Home
ဆောင်းပါး
မြန်မာနှင့်အိမ်နီးချင်းတို့က တရုတ်ရဲ့ One Belt One Road အပေါ် ဘယ်လိုတုံ့ပြန်ကြသလဲ
DVB
·
March 22, 2017
[မကြာသေးသော ၂၀၁၆ ခုနှစ်အတွင်းက တရုတ်ပြည် ခွန်းမင်နှင့် ထိုင်းနိုင်ငံ နုံခိုင်း၊ ဘန်ကောက်၊ ရယုန်းတို့ကို ဆက်သွယ်ပေးမည့် အမြန်ရထားလမ်း တည်ဆောက်မည့် သတင်းကို ဖတ်လိုက်ရသည်။ အဆိုပါလမ်းသည် မလေးရှားကို ဖြတ်၍ စင်ကာပူအထိ ဆက်သွယ်ပြေးဆွဲမည့် အမြန်လမ်း၏အစိတ်အပိုင်းဖြစ်သည်ဟုလည်း သိလိုက်ရသည်။ ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရုတ်ပြည်အရှေ့ဖျား ရိဝူမြို့မှ ခရီးစတင်ခဲ့သည့် မီးရထားတစီးသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ပထမဦးဆုံးအကြိမ်အဖြစ် ဆိုက်ရောက်လာခဲ့သည်။ အဆိုပါခရီးမှာ ၁၈ ရက်ကြာမြင့်ခဲ့ပြီး ခရီးမိုင်အားဖြင့် ၇၄၅၆ မိုင် (၁၁ ၉၉၉ ကီလိုမီတာ) ကွာဝေးသည်။ လမ်းခရီးတွင် ကာဇတ်စတန်၊ ရုရှား၊ ဘဲလားရုစ်၊ ပိုလန်နှင့် အနောက်ဥပရောပတို့ကို ဖြတ်သန်းခဲ့ရသည်။ ရထားသည် ပြင်သစ်နိုင်ငံဘက်မှ အင်္ဂလိပ်ရေလက်ကြားအောက် ဥမင်လိုဏ်ခေါင်းကို ဖြတ်ပြီး အင်္ဂလန်ကျွန်းပေါ်သို့ ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရထားပေါ်တွင် ကွန် တိန်နာ ၃၄ လုံးဖြင့် ထည့်သွင်းထားသော အဓိကအားဖြင့် တရုတ်ဖြစ် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်လာခဲ့သည်။ တရုတ်မီးရထားလုပ်ငန်းသည် စပိန်နိုင်ငံ မက်ဒရစ်နှင့် ဂျာမနီနိုင်ငံ ဟမ်းဘဂ်မြို့များသို့ ပြေးဆွဲနေခဲ့ပြီး ဖြစ်သည်။ ဤအရာများမှာ ရာဇဝင်စဉ်လာ ပိုးလမ်းမကြီးကို ပြန်လည် အသက်သွင်းခြင်းလည်း ဖြစ်သဖြင့် ကမ္ဘာ့မီဒီယာများတွင် စိတ်ဝင်စားဖွယ်သတင်း ဖြစ်ခဲ့သည်။ တရုတ်၏ (One Belt One Road ) “ရပ်ဝန်းတခု၊ လမ်းမတကြောင်း” ဆိုသည့် စီမံကိန်းမှာ ကျယ်ပြန့်လှပြီး ကျနော်တို့ မြန်မာနိုင်ငံသည်လည်း စီမံကိန်း၏ အဓိကကျသည့်နေရာ တနေရာမှ ပါဝင်နေပေသည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဖြတ်၍ ဖောက်လုပ်မည့် မြန်နှုန်းမြင့် ရထားလမ်း၊ ကားလမ်းစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရက တုံ့ပြန်ပြောဆို အဖြေပေးထားခြင်း မရှိသေးသဖြင့် မိမိတို့နှင့် ဘဝတူ အရှေ့တောင်အာရှနိုင်ငံများက အဆိုပါစီမံကိန်းအပေါ် စိတ်ဝင်စားမှု မည်သို့ရှိသည်၊ အဆိုပါစီမံကိန်းကြောင့် မိမိတို့နိုင်ငံ မည်မျှအကျိုးရှိနိုင်သည် သို့မဟုတ် မည်သို့ အကျိုးယုတ်နိုင်သည်ကို သိရှိထားရန်နှင့် မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို ပါသိရှိရန် အရေးကြီးပါသည်။ သို့ဖြစ်၍ ဆောင်းပါးရှင် Alvin Cheng- Hin Lim ၏ China’s “Belt and Road” and Mainland Southeast Asia ကို စာဖတ်သူများ သိရှိ ဗဟုသုတရစေရန် တင်ဆက်လိုက်ရပါသည်။ ဤဆောင်းပါးကို ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ကျင်းပမည့် Association for Asian Studies ၏ နှစ်ပတ်လည် ကွန်ဖရင့်တွင် တင်သွင်းမည်ဖြစ်သည်ဟု သိရပါသည်။ ရဲထွန်း (သီပေါ)] ၂၀၁၂ ခုနှစ် အောက်တိုဘာလက ပီကင်းတက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန၏ သြဇာကြီးမားသည့် ဌာနမှူး ပါမောက္ခဝမ်ကျိစိက တရုတ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်တွင် အမြင်အယူအဆတခု ပုံနှိပ်ဖော်ပြခဲ့သည်။ အဆိုပါအမြင်မှာ တရုတ်ပြည်၏ အနောက်ဘက်ပိုင်းရှိ ယူရေးရှား (ဥရောပနှင့် အာရှဆက်စပ်ပါဝင်သည့် ကုန်းမြေဒေသ- ဘာသာပြန်သူ) အပေါ်ထားရှိသည့် တရုတ် ပထဝီနိုင်ငံရေးမဟာဗျူဟာကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားချက် ဖြစ်သည်။ ဝမ်၏ အနောက်တိုင်းဆိုင်ရာ မဟာဗျူဟာမှာ နောက်တနှစ်တွင် ကြေညာသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ “ပိုးလမ်းမ စီးပွားရေးရပ်ဝန်း” နှင့် “၂၁ ရာစု ရေကြောင်းပိုးလမ်းမ”ဆိုသည့် တရုတ်နိုင်ငံ၏ ပေါ်လစီအဖြစ် ထွက်ပေါ်လာသည်။ ဤပေါ်လစီက ပါမောက္ခဝမ်၏ ကနဦးအမြင်ဖြစ်သော ယူရေးရှားကုန်းမြေကို ကျော်လွန်၍ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေ နိုင်ငံများသို့တိုင်အောင် ချဲ့ထွင်စဉ်းစားလိုက်ခြင်း ဖြစ်သည်။ ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ရေကြောင်းပိုးလမ်းမ ဆိုသည်တို့မှာ (One Belt One Road) “ရပ်ဝန်းတခု၊ လမ်းမတကြောင်း” ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိကအစိတ်အပိုင်းများဖြစ်သကဲ့သို့ ၎င်းတို့၏ သက်ရောက်မှုမှာ ကြီးမားကျယ်ပြန့်လှသည်။ တရုတ်ပြည်၏ လက်ရှိ မိတ်ဖက်နိုင်ငံများမှာ ၆၀ ကျော်ရှိပြီး စုစုပေါင်းလူဦးရေ ၄ ဒသမ ၄ ဘီလီယံ ရှိသည်။ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်မှာ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းဖြစ်ပြီး တရုတ်ကိုရော သူ့မိတ်ဖက် နိုင်ငံများကိုပါ အကျိုးရှိစေမည်ဖြစ်သည်။ မိတ်ဖက်နိုင်ငံများတွင် များစွာလိုအပ်နေသော အခြေခံအဆောက်အဦများ(လမ်း၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေး ကွန်ရက် စသည်များ) ကို မဟာဗျူဟာကျကျ တည်ဆောက်ရင်း ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းတင်ပေးနိုင်သည့်တချိန်တည်းတွင် တရုတ်၏ ဂဏန်းတလုံး တိုးတက်မှုနှုန်း ပုံမှန်သစ် (new normal of single-digit growth) ဆိုသည့် စီးပွားရေး အင်ဂျင်ကိုလည်း ပုံဖော်နိုင်မည်ဖြစ်သည်။ အဆိုပါ ပုံမှန်သစ် ဆိုသည်မှာ တရုတ်၏ ကုန်ပစ္စည်းထုတ်လုပ်ရေးအခြေပြုစီးပွားရေးမှ သုံးစွဲမှုအခြေပြု စီးပွားရေးသို့ အပြောင်းအလဲ လုပ်မှု၏ ရလဒ်ဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်ရေးအင်အားစုများမှာ ၂၀၀၀ ခုနှစ်များ၏ ဆယ်စုနှစ်များအတွင်း တွန်းအားဖြစ်ခဲ့သော ဂဏန်းနှစ်လုံး တိုးတက်မှုနှုန်းကို အစားထိုးရန်အတွက် ဖြစ်သည်။ တရုတ်၏ ပုံမှန်သစ်သို့ အကူးအပြောင်းက ကမ္ဘာ့လူသုံး ကုန်ပစ္စည်းများ၏တန်ဖိုးကို လျှော့ချပေးလိမ့်မည်ဖြစ်သည့်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများကို ထိခိုက်ပေလိမ့်မည်။ ရပ်ဝန်းနှင့်လမ်းမကဲ့သို့ စီမံကိန်းများ၏ ရှေ့ဆောင်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရှိန်လျော့ကျလာခြင်းကို ပြန်လည် တိုးတက်လာစေရန် တွန်းအားပေးလှုံ့ဆော်မှု ဖြစ်လာမည်မှာ သေချာသည်။ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အောက်ရှိ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး လုပ်ငန်းများက မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးကို တွန်းအားဖြစ်စေလိမ့်မည်။ IMF ၏ တွက်ဆချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းက အဆတိုးသက်ရောက်မှုကို ရရှိနိုင်သည်ဟု ဆိုသည်။ အဆိုပါ အဆ တိုးသက်ရောက်မှုမှာ အခြေခံအဆောက်အဦ ဆောက်လုပ်ခြင်းအပေါ် ၁ ဒေါ်လာ သုံးစွဲတိုင်း စီးပွားရေးဖွံ့ဖြိုးမှု ၁ ဒသမ ၆ ဒေါ်လာဖိုး တွန်းအားဖြစ်စေမည် ဆိုသည်။ ကုန်သွယ်ရေးကဏ္ဍတွင် “ရပ်ဝန်းနှင့်လမ်းမ” အစီအစဉ်ကြောင့် နောက်လာမည့် ဆယ်စု နှစ်များအတွင်း မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးကို ၂ ဒသမ ၅ ထရီလီယံဖိုးအထိ တိုးပွားလာစေမည်ဟု ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် “ရပ်ဝန်းနှင့် လမ်းမ” အစီအစဉ်က တရုတ်ပြည်ကို ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုတင်ပို့သူအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။ အထူးသဖြင့် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ တင်ပို့မှုက ‘တရုတ်အစိုးရ၏ ဖေးမထောက်ပံ့သည့်စနစ် ပြုပြင်ပြောင်းလဲရေးအစီအစဉ်’ (Supply-side reform programe ထုတ်ကုန်မြှင့်တင်ရန် အခွန်လျှော့ချပေးသော စနစ်ပြုပြင်ပြောင်းလဲရေး)ကို ‘တရုတ်၏ အလွန်အကျွံကုန်ထုတ်လုပ်နှိုင်စွမ်းကို လျှော့ချခြင်း’အားဖြင့် လွယ်ကူ ချောမွေ့စေလိမ့်မည်။ အပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှု လက်ခံသောနိုင်ငံများက အလွန်လိုအပ်နေသော စက်မှုလုပ်ငန်းများကို အထူးသက်သာသောဈေးနှုန်းများဖြင့် တရုတ်က ထောက်ပံ့ပေးခြင်းအားဖြင့် အကျိုးခံစားရမည်ဖြစ်သည်။ မိတ်ဖက်နိုင်ငံများ၏ ရပ်ဝန်းနှင့်လမ်းမဆိုင်ရာ စီမံကိန်းများကို ဘဏ္ဍာငွေ စိုက်ထုတ်နိုင်စေရန် တရုတ်က နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများစွာကို ထူထောင်ခဲ့သည်။ လူသိထင်ရှားအရှိဆုံး အဖွဲ့အစည်းမှာ Asian Infrastructure Investment Bank ( AIIB ) အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်သည်။ အဆိုပါဘဏ်၏ ပထမဦးဆုံး စီမံချက်များကို လွန်ခဲ့သောနှစ်ကပင် စတင်ခဲ့ပြီဖြစ်သည်။ AIIB ဘဏ်၏ ရည်ရွယ်ချက်များမှာ ဝင်ငွေနည်းတိုင်းပြည်များကို ဘဏ္ဍာရေးထောက်ပံ့ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို ကျဉ်းမြောင်းသွားစေရန် ဖြစ်သည်။ အဆိုပါ နိုင်ငံများမှာ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များကဲ့သို့ အစဉ်အလာ ဘဏ္ဍာရေး အရင်းအမြစ်များမှ ချေးငွေရရှိရန် အခက်အခဲများရှိကြသည်။ AIIB ဘဏ်အပြင် ပိုးလမ်းမ ရန်ပုံငွေ (Silk Road Fund) ကိုလည်းတည်ထောင်ပြီးဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးတိုးတက်မှုသစ်ဘဏ် (New Development Bank) ကို စတင်တည်ထောင်ကြသည့် ဘရစ် (BRICS - ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက) အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။ အရှေ့တောင်အာရှအနေဖြင့် ပိုးလမ်းမစီးပွားရေးရပ်ဝန်းတွင်ရော ရေကြောင်း ပိုးလမ်းမအစီအစဉ်တွင်ပါ ဆက်စပ်ပါဝင်နေပြီး ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းများက ပါဝင်သော နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးတိုးတက်မှုကို တွန်းအားပေးနိုင်မည် ဖြစ်သည်။ အမှန်တကယ်အားဖြင့် တရုတ်နှင့် အာဆီယံသည် ၂၀၂၀ အရောက်တွင် ကုန်သွယ်မှု တန်ဖိုး ၁ ထရီလီယံအထိရောက်ရှိရန် ရည်မှန်းထားသည်။ ယခု အရှေ့တောင်အာရှနိုင်ငံများကို အနီးကပ်ကြည့်ကြစို့။ အရှေ့တောင်အာရှ ကုန်းမြေ မန်မာနိုင်ငံ တရုတ်-မြန်မာဆက်ဆံရေးမှာ မကြာသေးမီနှစ်များက မှုန်ဝါးဝါးရှိလာခဲ့ပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုမှာ နှေးကွေးတုံ့ဆိုင်းလာသည်။ အဆိုပါကိစ္စမှာ ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ခြင်းနှင့် ယူနန်ပြည်နယ်၏ နယ်စပ် ဒေသတွင် တိုင်းရင်းသားသူပုန်များနှင့် မြန်မာတပ်မတော်တို့ ပဋိပက္ခများ ဖြစ်ပွားလာမှု၏ နောက်ပိုင်းတွင် ဖြစ်သည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အဆိုပါ အခက်အခဲများ ရှိသော်လည်း တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုအရရော၊ ကုန်သွယ်မှုအရပါ မြန်မာနိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးမိတ်ဖက်ဖြစ်လျက်ပင် ရှိသေးသည်။ မြန်မာနိုင်ငံမှ သြဇာရှိ ပုဂ္ဂိုလ်အချို့က ရပ်ဝန်းနှင့်လမ်းမအစီအစဉ်ကြောင့် ၎င်းတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရရှိလာနိုင်ဖွယ်ရှိသည့် အကျိုးစီးပွားကို အသိအမှတ်ပြုကြသည်။ အလားတူပင် တရုတ်အစိုးရအနေဖြင့်လည်း ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာ ဆက်သွယ်ရာ ကုန်းမြေ ပေါင်းကူးစင်္ကြန်ဖြစ်သော မြန်မာနိုင်ငံမှာ ပထဝီမဟာဗျူဟာအရ အရေးကြီးသည်ဖြစ်၍ လက်လွတ်မခံနိုင်ချေ။ အထူးသဖြင့် ရွှေပိုက်လိုင်းမှာ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကိုဖြတ်လျက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပို့လွှတ်သည့် လမ်းကြောင်း ဖြစ်၍ တရုတ်ပြည်အနေဖြင့် မာလက္ကာ ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းရန် မလိုတော့ပေ။ ယခင်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ရွေးကောက်ပွဲအနိုင်ရ အစိုးရတက်လာသည့်အတွက် တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်တိုးတက်လာရန် မျှော်လင့်ချက်မြင့်တက်လာသည်။ သို့သော်လည်း တောင်းဆို ထားသော မြစ်ဆုံဆည်တည်ဆောက်ရေး ပြန်လည်ခွင့်ပြုရန်နှင့် အဆိုပြုထားသော မြန်မာနိုင်ငံကို ဖြတ်သန်း၍ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ဆက်သွယ်မည့် မြန်နှုံးမြင့် ရထားလမ်းဖောက်လုပ်ရေး ကိစ္စများကဲ့သို့ အဓိကပြဿနာများကို မြန်မာအစိုးရက အဆုံးအဖြတ်ပေးရန် ကျန်ရှိနေဆဲ ဖြစ်သည်။ လာအိုနှင့် ကမ္ဘောဒီးယား လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးနှင့် အတည်ငြိမ်ဆုံးသော အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းနှင့် ယူနန် ပြည်နယ် မြို့တော် ခွန်းမင် တို့အကြား မြန်နှုံးမြင့် ရထား လမ်း ဖေါက်လုပ်လျက်ရှိရာ တံတား ၁၅၄ ခု၊ ဥမင်လှိုင်ခေါင်း ၇၆ ခု၊ ဘူတာရုံ ၃၁ ခု တို့ပါဝင်သည်။ ခွန်မင်း-ဗီယန်ကျင်း အမြန် ရထားလမ်းမှာ အမေရိကန်ဒေါ်လာ ၇ ဘီလျံမျှကုန်ကျမည်ဖြစ်သည်။ အဆိုပါကုန်ကျငွေကို လာအိုအစိုးရက တရုတ် ပြည်မှရရှိသည့် အထူးသက်သာခွင့်ချေးငွေဖြင့် ကုန်ကျခံမည် ဖြစ်သည်။ ဤစီမံကိန်းက လာအိုအစိုးရအပေါ် အလွန်များပြားသော ကြွေးမြီများတင်ရှိမှာ ဖြစ်သော်လည်း၊ အခြေခံအဆောက်အဦသစ်အနေဖြင့် ရေရှည်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားဖြစ်စေလိမ့်မည်ဟု လာအိုများက ယုံကြည်ကြသည်။ စွမ်းအင်ကဏ္ဍ တွင် လာအိုနိုင်ငံသည် တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီများနှင့် အတူလက်တွဲ၍ မဲခေါင်မြစ် ကြောင်းတလျှောက် ရေကာတာများကို တည်ဆောက် လျက်ရှိသည်။ ပြီးစီးသည့်အခါတွင် ဤရေကာတာများမှ လျှပ်စစ်ဓာတ်အားကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် လာအိုနိုင်ငံအတွက် အခွန်ငွေရှာပေးပေလိမ့်မည်။ သို့သော်လည်း ဝေဖန်သူများက အဆိုပါ ရေကာတာများမှာ လာအိုနိုင်ငံနှင့် မဲခေါင်မြစ်ဖြတ်သန်းရာနိုင်ငံများတလျှောက်ရှိ မြစ်တွင်း ငါးဖမ်းလုပ်ငန်းကို ပျက်စီးစေခြင်း အပါအဝင် မြစ်၏ သဘာဝထိန်းညှိမှုစနစ်အပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေလိမ့်မည်ဟု သတိပေးကြသည်။ ပိုးလမ်းမစီးပွားရေးရပ်ဝန်း၏ ရှုမြင်ချက်အရ အရှေ့တောင်အာရှကုန်းမကြီးကို ဖြတ်သန်းသည့် မြန်နှုန်းမြင့်ရထားလမ်း ကွန်ရက်တွင် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကိုဖြတ်၍ တရုတ်ပြည်တွင်းသို့ပေါက်သည့် လမ်းကြောင်းတခု ပါဝင် သော်လည်း ဗီယက်နမ်ရော ကမ္ဘောဒီးယားပါ အဆိုပါလမ်းကြောင်း တည်ဆောက်ရေးကို သဘောတူလက်ခံကြောင်း မပြောကြသေးပေ။ ဗီယက်နမ်အနေဖြင့် ရပ်ဝန်းနှင့် လမ်းမ အစီအစဉ်အတွက် မိတ်ဖက်နိုင်ငံဖြစ်နိုင်ပုံမပေါ်ချေ။ အကြောင်းမှာ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အပေါ် ရေရှည်အငြင်းပွားနေခဲ့သော ပြဿနာတည်ရှိနေသည့်အပြင် စီးပွားရေးအရ တရုတ်က လွှမ်းမိုးလာမည့်အရေးကိုလည်း စိုးရွံ့နေသည်။ မည်သို့ပင်ဆိုစေ ထရမ့်၏ အမေရိကန်နိုင်ငံက TPP (Trans-Pacific Partnership) ပစ္စိဖိတ်ဖြတ်ကျော် မိတ်ဖက်အဖွဲ့မှ ရုတ်တရက် နုတ်ထွက်လိုက်ခြင်းကြောင့် ဗီယက်နမ်ကို တရုတ်နှင့် ပိုမိုနက်ရှိုင်းသည့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်လာစေရန် တွန်းအားဖြစ်စေလိမ့်မည်။ အထူးသဖြင့် ဗီယက်နမ်အစိုးရသည် TPP အပေါ် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကရင်းမြစ်အဖြစ် သုံးသပ်တွက်ဆထားသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ကမ္ဘောဒီးယားကိစ္စတွင် တရုတ်-ကမ္ဘောဒီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ လက်ငင်းအားဖြင့် အခြေခံကျပြီး ချက်ချင်းလိုအပ်နေသော လမ်းများ၊ တံတားများ၊ ရေအားလျှပ်စစ်ထုတ်ရေကာတာများကဲ့သို့ အခြေခံအဆောက်အဦ တည်ဆောက်ရေးကို အာရုံစိုက်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် ကမ္ဘောဒီးယားသို့ သွားရောက်လည်ပတ်စဉ်က ကမ္ဘောဒီးယား၏ မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေး တွင် တရုတ်က ရင်းနှီးမြှုပ်နှံရန် ကြေညာခဲ့သည်။ သို့သော် အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် ကျန်နေသေးသည်။ အာဆီယံအဖွဲ့အတွင်း ကမ္ဘောဒီးယားနှင့် (ပိုမိုပျော့ပျောင်းသည့်) လာအိုနိုင်ငံတို့က တရုတ်ဘက်မှရပ်တည်ရန် လိုလိုလားလား ရှိကြသည်။ အာဆီယံအဖွဲ့ အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင်း တရုတ်၏ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် ပူးတွဲထုတ်ပြန်ကြေညာရန် ဆွေးနွေးညှိနှိုင်းခြင်းအပေါ် ကမ္ဘောဒီးယားက ပိတ်ပင်တားဆီးသည်။ ထိုအချက်ကြောင့် အာဆီယံ၏ အခြားအဖွဲ့ဝင်နိုင်ငံများက ကမ္ဘောဒီးယားအစိုးရအပေါ် မကျေမနပ်ဖြစ်လာပြီး ကမ္ဘောဒီးယားကို အဖွဲ့မှ ထုတ်ပယ်ရန် ဆော်သြသည်အထိ ဖြစ်လာသည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ရုတ်တရက်ဆိုသလို တရုတ်ဘက်သို့ ယိမ်းလာခြင်းဖြင့် အာဆီယံအဖွဲ့အတွင်း အပြင်းအထန် အငြင်းပွားစရာဖြစ်နေသော တောင်တရုတ်ပင်လယ်အရေးကိစ္စမျိုးတွင် တရုတ်ဘက်မှ ရပ်တည်မည့် နိုင်ငံအရေအတွက် တိုးလာစေသည်။ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံမှာ ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့်ရော ရေကြောင်းပိုးလမ်းမနှင့်ပါ ဆက်စပ်နေ သဖြင့် စိတ်ဝင်စားဘွယ်ကောင်းသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ မှာ တရုတ်နိုင်ငံဖြစ်သည်။ ရပ်ဝန်းနှင့် လမ်းမအစီအစဉ်ကြောင့် ဆက်သွယ်သွားလာမှု တိုးတက်လာခြင်းက သူတို့၏ကုန်သွယ်ရေးပမာဏကို အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထိ တိုးတက်လာစေလိမ့်မည်ဟု မျှော်မှန်းထားကြသည်။ တရုတ်ပြည်က ခွန်းမင်နှင့် ထိုင်းနိုင်ငံ နုံခိုင်း၊ ဘန်ကောက်နှင့် ရယုန်းတို့ကို ဆက်သွယ်ပေးမည့် အမြန်ရထားလမ်း တည်ဆောက်ရန် အဆိုပြုစဉ် ဘဏ္ဍာရေး အထောက်အပံ့အတွက် အဆိုပြုချေးငွေကာလ သတ်မှတ်ချက်ကိုဆွေးနွေးသည့်အခါ ထိုင်းအစိုးရက(၂၀၁၆ ခုနှစ်တွင်)တရုတ်၏ ဘဏ္ဍာငွေ ထောက်ပံ့ရေး အဆိုပြုချက်ကို ပယ်ချလိုက်ပြီးအမြန်ရထားလမ်းကိုလည်း ဘန်ကောက်နှင့် နခုန် ရတ်ချာစီမာ အကြားပြည်တွင်းသွားသည့် လမ်းအဖြစ်သာ ဖြတ်တောက်ပစ်လိုက်ပြီး၊ လာအိုကိုဖြတ်၍ ယူနန်ပြည်နယ်ခွန်းမင်သို့ ဆက်လက်ဖောက်လုပ်ရေးကိစ္စကို ရပ်ဆိုင်းပစ် လိုက်သည်။ အခြားတဖက်တွင် မလေးရှားနှင့်ထိုင်းနိုင်ငံတို့သည် ဘန်ကောက်နှင့် ကွာလမ်လန်ပူအကြား အမြန်ရထားလမ်းတည်ဆောက်နှိုင်ရေးအတွက် ဖြစ်နှိုင်ချေများကို လေ့လာသုံးသပ်နေကြသည်။ ဤလမ်းကြောင်းက ကွာလမ်လန်ပူ-စင်္ကာပူ အမြန်ရထား လမ်းနှင့် ဆက်မိမည်ဖြစ်ပြီး အကယ်၍ အဆိုပါ ပရောဂျက်နှစ်ခုလုံးကို တရုတ်သို့ အပ်နှံ ခဲ့ပါက သူတို့အနေဖြင့် အရှေ့တောင်အာရှကုန်းမြေမပေါ် အမြန်ရထားလမ်းကွန်ရက် တည်ဆောက်ရေး-ပိုးလမ်းမစီးပွားရေးရပ်ဝန်း အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော် လာနိုင်မည်ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း ထိုင်းနိုင်ငံသည် ရေကြောင်းပိုးလမ်းမပေါ်တွင်လည်း တည်ရှိ လေရာ သူ၏ လင်ချဘန်း (Laem Chabang)ဆိပ်ကမ်းမှာ ရေကြောင်းလမ်းကွန်ရက်သို့ ဝင်ရောက်ရာ ထိုင်းနိုင်ငံ၏ဂိတ်ပေါက်ဖြစ်လာမည်။ ယခုအချိန်တွင် လင်ချဘန်းမှာ ထိုင်းနိုင်ငံ၏ အလုပ်အများဆုံးဆိပ်ကမ်းဖြစ်ပြီး ရေကြောင်းပိုးလမ်းမတွင် သင်္ဘောလိုင်း ကြောင်းသစ်များတည်ထောင်ခြင်းဖြင့် သင်္ဘောဝင်ထွက်ဆိုက်ကပ်သည့် အရေအတွက် ပိုမိုတိုးတက်လာမည်ဟုမျှော် လင့်ရသည်။ ထိုင်းနိုင်ငံရှိ အနာဂါတ်ဖြစ်လာနှိုင်ခြေရှိသော ရေကြောင်းပိုးလမ်းမ ပရောဂျက်တခုမှာ အချိန်ကြာရှည်စွာ ဆွေးနွေးနေခဲ့သည့် ကရာ ကျွန်းဆက်ဖြတ် တူးမြောင်းဖေါက်လုပ်ရေးဖြစ်သည်။ အဆိုပါ တူးမြောင်းရှိလာပါက အိန္ဒိယ သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်တို့ အကြားဆက်သွယ်သွားလာရာတွင် မာလက္ကာ ရေလက်ကြားကို မဝင်ဘဲ ကူးသန်းသွားလာနှိုင်မည်ဖြစ်သည်။ အချို့သောအဆိုပြုချက်များ တွင် တူးမြောင်းကို ကုန်းမြေတံတားတခုဖြင့် အစားထိုးမည်။ (တူးမြောင်းမဖေါက်ဘဲ ကျွန်းဆက်ပေါ်တွင် အရှေ့-အနောက် ကားလမ်း၊ ရထားလမ်းဖောက်၍ ပင်လယ်နှစ်ခုကို ဆက်သွယ်ပေးခြင်းကို ဆိုလိုပုံရသည်။) မလေးရှား အရှေ့ဖက်ကမ်းရိုးတန်း မီးရထားလိုင်း ကုမ္ပဏီ (Malaysia’s East Coast Rail Link)က ကရ အတွက် အဆိုပြုထားသည်နှင့် တူညီသည့် ကုန်းမြေတံတားတခုကို အောက်ဖက် မလေးရှားကျွန်းဆွယ်အတွင်း ဖောက်လုပ် ရန် အဆိုပြုထားသည်ကိုလည်းတွေ့ရသည်။ အထက်တွင်ဖေါ်ပြထားသကဲ့သို့ မလေးရှား နှင့် ထိုင်းတို့သည် ဘန်ကောက်နှင့် ကွာလမ်လမ်ပူအကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရန် ဆွေးနွေးညှိနှိုင်းနေကြလေသည်။ အကယ်၍ ဤစီမံကိန်းနှင့် ကရာစီမံကိန်းတို့ လုပ်ဆောင်ဖြစ်ပါက တရုတ်နှင့် ထိုင်း အစီအစဉ်ရေးဆွဲသူများအနေဖြင့်၊ ကွာလမ်လမ်ပူ-ဘန်ကောက် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို ကရာတူးမြောင်း သို့မဟုတ် ကရာကုန်း မြေတံတား စီမံကိန်းနှင့် ပေါင်းစပ်ရန် နည်းလမ်းများရှာကြဖို့ လိုအပ်မည် ဖြစ်ပေသည်။ ရဲထွန်း (သီပေါ) ( IPP Review မှ Alvin Cheng- Hin Lim ၏ China’s “Belt and Road” and Mainland Southeast Asia ကို ဘာသာပြန်ပါသည်။) အယ်ဘင် ချန်ဟင်လင်းမ် ( Alvin Cheng-Hin Lim ) အယ်ဘင် ချန်ဟင်လင်းမ်သည် နိုင်ငံတကာ ပြည်သူ့ရေးရာပေါ်လစီ ပုဂ္ဂလိက ကုမ္ပဏီလီမိတက်(IPP)မှ သုတေသနမှုးတဦးဖြစ်သည်။ သူသည် မနိုအာရှိ ဟာဝိုင်အီ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာဖြင့် Ph.D ဘွဲ့ရရှိခဲ့သည်။ ကမ္ဘောဒီးယား၏ ပန်နာဆာ ထရာ တက္ကသိုလ်နှင့် နိုက်ဂျီးရီးယား၏ အမေရိကန်တက္ကသိုလ်တို့တွင် စာသင်ကြားခဲ့သည်။ IPP သို့မရောက်မှီက သူသည် လောင်းဂတ်စ် အင်စတီကျုတွင် ဖွံ့ဖြိုးရေးနှင့် မဟာဗျူဟာ ဘာသာရပ်အတွက် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024