Live
Home
မြန်မာသတင်း
ကလေးမြို့လူငယ်များ စုစည်းပြီး လယ်ယာဝန်ဆောင်မှုအသင်း တည်ထောင်
DVB
·
March 22, 2017
ရွှေတောင်သူလို့ အမည်ပေးထားတဲ့ လယ်ယာဝန်ဆောင်မှု အသင်းရုံးကို ကလေးမြို့က အသက် ၃၀ ကျော် လူငယ်တွေစုစည်းပြီး ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် သင်္ဂဟဆီစက်လမ်းမှာ ဒီနေ့ မနက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အသင်းကို တည်ထောင်ရခြင်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို အဓိကထားပြီး ရည်ရွယ်ထားတယ်။ နောက်ပြီး လယ်ယာကဏ္ဍသုံး စက်ပစ္စည်း ဝန်ဆောင်မှုတွေကို နှစ်ဦးနှစ်ဖက် မျှတတဲ့ဈေးဖြစ်အောင် ဒေသတွင်း တပြေးညီ ထိန်းချုပ်နိုင်ဖို့နဲ့ လယ်ယာအလုပ်သမား ရှားပါးမှုကြောင့် သီးနှံတွေ ထွန်ယက် ရိတ်သိမ်းချိန် အချိန်မီဖို့ အရေးကိုလည်း ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး တည်ထောင်လိုက်တာ ဖြစ်တယ်လို့ ရွှေတောင်သူအသင်း ဥက္ကဋ္ဌ ကိုအောင်မြင့်ဌေးက ပြောပါတယ်။ ရွှေတောင်သူ လယ်ယာဝန်ဆောင်မှုအသင်းကို စုစုပေါင်း လူငယ် ၉ ဦးနဲ့ စုပေါင်းဖွဲ့စည်းခဲ့ပြီး အဲ့ဒီလူငယ်တွေဟာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား စတဲ့ အာရှနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင် ယခုလို မြန်မာပြည် ပြန်စုခဲ့ကြတဲ့ လူငယ်တွေလည်း ဖြစ်ပါတယ်။ "ကိုရီးယားမှာ နေတုန်းက အလုပ်လုပ်တဲ့ စက်ရုံက လယ်ကွင်းဘေးမှာလေ။ ဒီတော့ သူတို့ဆီက တောင်သူတွေကို လေ့လာမိတော့ စက်တွေကို တယောက်တစီး မဝယ်ကြဘူး။ တဦးက ရိတ်စက်ဆိုရင် တဦးက စိုက်စက် တဦးက ထွန်စက် အဲ့လို ဝယ်ပြီး ပေါင်းလုပ်ကြတယ်။ အဲ့ဒီကနေ ကိုယ့်နိုင်ငံ ပြန်တော့ သူတို့လို လုပ်ချင်စိတ်ကနေ ခုလို ထူထောင်ဖြစ်သွားတယ်။ ကိုယ်တိုင်လည်း တောင်သူဖြစ်တော့လေ" လို့လည်း ကိုအောင်မြင့်ဌေးက ဆက်ပြောပါတယ်။ ယခု တည်ထောင်လိုက်တဲ့ ရွှေတောင်သူ လယ်ယာဝန်ဆောင်မှုအသင်းဟာ လာမယ့် မိုးအတွက် ထွန်ယက်ခြင်းနဲ့ ရိတ်သိမ်းခြင်းတွေကို စတင်လုပ်ပေးမှာ ဖြစ်ပြီး စိုက်ပျိုးခြင်းကိုတော့ နောက်နှစ်ရာသီမှ ထပ်တိုးမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နိုင်ငံခြားပြန် လူငယ်တွေရဲ့ စုပေါင်းရင်းနှီးမှု ရိတ်သိမ်းစက် ၅၁ စီး၊ ထွန်စက် ၂၂ စီးနဲ့ စတင်လည်ပတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024