Home
မြန်မာသတင်း
မန္တလေးတွင် တရုတ်ကုန်သည်များ စပါးဈေး ပိုပေးဝယ်ယူတာကြောင့် ဆန်စက်လုပ်ငန်းတချို့ ရပ်ဆိုင်း
DVB
·
March 22, 2017
မန္တလေးတိုင်းဒေသကြီးမှာ တရုတ်ကုန်သည်တွေက မြန်မာ့စပါးတွေကို ဒေသပေါက်ဈေးထက် ပိုပေးပြီး လိုက်လံဝယ်ယူနေတဲ့အတွက် ဆန်စက်လုပ်ငန်းတချို့ ရပ်ထားရတယ်လို့ မန္တလေးတိုင်း ဒေသကြီးမှ ဆန်စက်လုပ်ငန်းရှင်တွေက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးက စပါးအဓိကထွက်တဲ့ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် အပါအဝင် မြို့နယ်အနှံ့အပြားမှာ တရုတ်ကုန်သည်တွေ ကိုယ်တိုင် လာရောက်ဝယ်ယူသလို ပွဲစားတွေကတဆင့် စပါးတွေကို ဈေးကောင်းပေးပြီး ရသလောက် ဝယ်ယူနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေအောင်က ပြောပါတယ်။ တရုတ်ကုန်သည်တွေက ပြည်တွင်းစားသုံးမှုများတဲ့ ဆန်အချောကို ဝယ်ယူတာမဟုတ်ဘဲ မြန်မာကုန်သည်တွေ မူဆယ်နယ်စပ်ကတဆင့် တရုတ်ပြည်ကို အဓိကတင်ပို့နေတဲ့ ဆန်ကြမ်းအမျိုးအစားတွေကို ဈေးကောင်းပေး ဝယ်ယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဒေသမှာ စပါးတင်း ၁၀၀၊ ၅ သိန်း ၅ သောင်းပေါက်တဲ့ အမျိုးအစားကို တရုတ်ကုန်သည်တွေက ၆ သိန်း ၅ သောင်းထိ ဈေးပိုပေးပြီး ဝယ်ယူနေတာလို့ ဆိုပါတယ်။ လတ်တလောမှာတော့ မန္တလေးတိုင်းဒေသကြီးက ဆန်စက်တချို့မှာ ကြိတ်စရာစပါး မရှိတဲ့အတွက် စက်တွေရပ်နားထားရပြီး ကာလကြာရှည် ရပ်နားထားရမယ်ဆိုရင် ဒေသတွင်း မွေးမြူရေးလုပ်ငန်း တိရစ္ဆာန်အစာအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024