ညောင်လေးပင်မြို့ နယ်တွင် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
DVB
·
March 21, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းမှာ မတ် ၂၀ ရက် မနက် ၁၀ နာရီလောက်က တရားမဝင် ပျဉ်းကတိုး လျှာထိုးခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးနဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း (ကျွန်းကုန်း Tool Plaza) အနီး သွားရောက်စောင့်ဆိုင်းစစ်ဆေးနေစဉ် မန္တလေးဘက်မှ ရန်ကုန်ဘက် သို့ မောင်းနှင်လာတဲ့ ကန်တာအမျိုးအစားယာဉ်တစ်စီးကို မသင်္ကာလို့ ရပ်တန့် စစ်ဆေးရာ တရားမဝင်ပျဉ်ကတိုးလျှာထိုးခွဲသား ၁၉၃၆ ချောင်း ၂ တန်ကျော် ကာလတန်ဖိုးငွေ ၁၄ သိန်း ၈ သောင်းကျော်ဖိုးနဲ့ အတူ ယာဉ်မောင်း ဦးမြင့်ဇော်နဲ့ သစ်ပိုင်ရှင် ဦးသိန်းဇော်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ သတင်းအရ မနက်ထဲက သွားရောက်စောင့်ဆိုင်းနေတာပါ။ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။ တရားမဝင်သစ်တွေနဲ့အတူ ယာဉ်မောင်းရော သစ်ပိုင်ရှင်ပါ မိပါတယ်။ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုသွားမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
တရားမဝင်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ သစ်ပိုင်ရှင်တို့ကို ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနက သစ်တောဥပဒေပုဒ်မ ၄၂(ခ) အရ အရေးယူ ဆောင်ရွက်နေပါတယ်။
သတင်း - နေလင်းထိုက်