Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး ရာထူးက ဖယ်ရှားခံရတဲ့ကိစ္စနဲ့ အစရှိသဖြင့်…
DVB
·
March 21, 2017
  ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူလူထု ရွေးချယ်တင်မြှောက်လို့ သမ္မတ ရာထူးကို ရလာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကို တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေဥပဒေဆိုင်ရာတရားရုံးက ဖွဲ့စည်းပုံဥပဒေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ မတ်လ ၁၀ ရက်က သမ္မတ ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ သူဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တရားဝင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံရပြီး ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ ပထမဆုံး သမ္မတ တယောက် ဖြစ်လာခဲ့ပါပြီ။ တရားသူကြီးတွေအားလုံးက တညီတညွတ်တည်းပဲ သူ့ကို သူ့ရဲ့ မိတ်ဆွေ ချွိုင်ဆွန်ဆီနဲ့ပတ်သက်တဲ့ အကျင့်ပျက် ခြစားမှုမှာ မစ္စပတ်ဟာ အပြစ်ရှိတယ်လို့ စွပ်စွဲထားတဲ့ အချက်ကို အတည်ပြုလိုက်ပြီး သူ့ကို အပြစ်ရှိတယ်လို့ အဆုံးအဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့သမ္မတရာထူး ကင်းလွတ်ခွင့်ကို ဆုံးရှုံးသွားခဲ့ရပြီး ရာဇဝတ်ကြောင်းအရ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတပတ်ဘက်မှာလည်း သူ့ကို ထောက်ခံသူတွေ အများကြီး ရှိနေတဲ့အတွက် တရားရုံးအပြင်မှာ အဲဒီတရားရုံးရဲ့ စီရင်ချက်ကို ဆန့်ကျင်ကန့်ကွက်မှုတွေ အများကြီး ဖြစ်ခဲ့သလို လုံခြုံရေးယူပေးရတဲ့ ပုလိပ်တပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခ ဖြစ်ခဲ့ရတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခု တရားရုံးရဲ့ အဆုံးအဖြတ်က လပေါင်း အတော်ကြာဖြစ်နေခဲ့တဲ့ နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်မှုကို အဆုံးသတ်သွားစေနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ သမ္မတ ရွေးကောက်ပွဲကို ကျင်းပပေးရတော့မှာ ဖြစ်ပါတယ်။ ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ ပတ်ဂွမ်ဟေးကတော့ သူဟာ အဲဒီပြစ်မှုတွေကို မကျူးလွန်ခဲ့ဘူးလို့ နောက်ဆုံးအထိ ငြင်းဆိုခဲ့ပြီး အမှန်တရားဟာ ပေါ်လာပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ မစ္စပတ်ဂွမ်ဟေး ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ ယာယီသမ္မတ အဖြစ် တာဝန်ယူထားရတဲ့ မစ္စတာ ဟွမ်ကျိုအန်းကတော့ ပြည်တွင်း ပဋိပက္ခတွေ ဆက်ပြီး မပြန့်ပွားရအောင် ကာကွယ်ဖို့ အစိုးရဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ ဒီကိစ္စ ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းကတော့ သမ္မတ ပတ်ဂွမ်ဟေးရဲ့ရင်းနှီးခင်မင်တဲ့သူဖြစ်တဲ့ မိတ်ဆွေ မစ္စချွိုင်းနဲ့ သမ္မတကိုယ်တိုင်ရဲ့ ဆက်ဆံရေးမှာ အခွင့်အာဏာအရ လာဘ်ပေးလာဘ်ယူ သဘောတွေ ပါဝင်လာခဲ့တဲ့အတွက်ပဲ ဖြစ်တယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့်ပဲ သမ္မတ ပတ်ကို အဲဒီကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ သမ္မတရုံးရဲ့ လုပ်ငန်းဆိုင်ရာကိစ္စ အထောက်အထားတွေကို ကြည့်ရှု စွက်ဖက်ခွင့်တွေကို လက်မခံနိုင်တဲ့ အဆင့်အထိ ပေးအပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော် ဆောင်းပါးတပုဒ် ရေးသား တင်ပြပြီးဖြစ်တဲ့ အတွက် ခုဆောင်းပါးကို အခန်းဆက်ဆောင်းပါးတပုဒ်အဖြစ် သဘောထားစေချင်ပါတယ်။ လွှတ်တော်ကတော့ ဒီဇင်ဘာလကတည်းက မစ္စပတ်ကို အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့ သဘောတူညီခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကတော့ အဲဒီအချိန်ကစပြီး ဒီအမှုကို ဆက်ပြီး လက်ခံရမလား ဒါမှမဟုတ် ပလပ်လိုက်ရမလား ဆိုတာ အဆုံးအဖြတ်ပေးဖို့ စဉ်းစားလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သောကြာနေ့မှာတော့ အဖွဲ့ဝင် ၈ ဦး ပါဝင်တဲ့ တရားသူကြီးအဖွဲ့က  မစ္စပတ်ဟာ ဒီမိကရေစီရေးစိတ်ဓာတ်နဲ့ တရားဥပဒေစိုးမိုးရေးကို ဆိုးဆိုးဝါဝါး ချိုးဖောက် ကျူးလွန်ခဲ့တယ်လို့ အဆုံးအဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကို ဖော်ပြလိုက်တယ်လို့ ပြောရမယ် ထင်ပါတယ်။ နိုင်ငံရဲ့ အထွတ်အထိပ်လို့ ပြောရမယ့် သမ္မတတယောက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ထင်ရှားတွေ့ရှိရင် ဖြုတ်ချခွင့်ရှိတယ် ဆိုတာကို အရှေ့အာရှမှာ နမူနာတခုအဖြစ် ထပ်ပြီးပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံက စစ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ် ဆိုသူတွေကတော့ ဥပဒေအထက်မှာ အမြဲရပ်တည်ပြီး ခုထိ ခပ်တည်တည် ရပ်တည်နေမြဲဆိုတာကို အများပြည်သူတွေ သိရှိပြီး ဖြစ်မှာပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေဆဲ ဖြစ်တယ်ဆိုတာကို ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောရမှာပါပဲ။ ကမ္ဘာ့အဆိုးဝါး အကောက်ကျစ်ဆုံး အာဏာရှင်စနစ်အောက်မှာ နေထိုင်ခဲ့ရတဲ့ သာမန်ပြည်သူလူထုတွေကတော့ ခုထိ အကြောက်တရားအောက်မှာ ပိပြားနေကြရဆဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းကိုလည်း ပြည်သူလူထုတွေ နားလည်လာအောင် အသိပညာပေးလုပ်ငန်းတွေကို အလေးအနက်လုပ်ကိုင် ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်တွေက အားကိုးတကြီး ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရကိုက သူ အစဉ်တစိုက်ပေးခဲ့တဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတွေကို ဘာမှ (အမည်ခံသက်သက်ကလွဲလို့) လောက်လောက်လားလား မဖော်ဆောင်နိုင်တာကို တွေ့မြင်နေတဲ့ ပြည်သူလူထုကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ရ၊ ဆက်ပြီး အာဏာရှင်တွေရဲ့ ဖိစီးနှိပ်စက်မှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခံစားနေရကြရဆဲ ဖြစ်တယ်လို့ ပြောရင် မလွန်လောက်ဘူးလို့ ထင်ပါတယ်။ ဘယ်သမ္မတ၊ ဘယ်ဝန်ကြီး၊ ဘယ်စစ်တပ် အကြီးအကဲ၊ ဘယ်တာဝန်ရှိသူကိုမှ တရားစွဲဆို အရေးယူ အပြစ်ပေးနိုင်ခွင့် မရှိခဲ့တဲ့ မြန်မာနိုင်ငံ ပြည်သူလူထုအဖို့ကတော့ ခု တောင်ကိုရီးယား သမ္မတ အဖြုတ်ခံခဲ့ရတဲ့ကိစ္စကို ယုံချင်မှတောင် ယုံကြမယ်လို့ ကျနော် ထင်ပါတယ်။ သမ္မတကို ဘယ်သူက ဘယ်လိုများ ဖြုတ်ချခဲ့တာပါလဲ။ ဟဲ့.. တို့ တိုင်းပြည်မှာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်ဖြစ် ဘယ်သူမှ ငါ တာဝန်ရှိတယ် ဆိုပြီး ရာထူးက နုတ်ထွက်ပေးတဲ့သူ မရှိသလို၊ တရားဥပဒေအရ ဘယ်ဖြစ်ရပ်မျိုးမှာမှ တာဝန်ရှိတယ်လို့ ပြောရမယ့် ဘယ်သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကိုမှ ဥပဒေအရ အရေးယူတာ၊ အပြစ်ပေးတာကို မတွေ့ရသေးတာပါဘူး ဆိုပြီး တအံ့တသြ ဖြစ်နေကြမှာကတော့ သေချာလောက်ပါတယ်။ (နိုင်ငံရေး နားလည် သိရှိတဲ့သူများကို မဆိုလိုပါ။) အံ့သြစရာတခုကတော့ ဂုဏ်သရေပျက်ယွင်းပြီး သမ္မတရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ သမ္မတ ပတ်ဂွမ်ဟေးကတော့ အမှန်တရားဟာ တနေ့ ပေါ်လာမှာပါလို့ပဲ ပြောပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ခွန်းတုံ့ပြန် ပြောဆို အပြစ်တင်တာမျိုး မလုပ်ဘဲ အသာတကြည် လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာတော့ သမ္မတ ပတ်ဂွမ်ဟေးဟာ အခု သမ္မတ အိမ်ပြာတော်ကနေ သူ နေထိုင်မယ့် အိမ်ကို ထွက်ခွာတော့ပါမယ်လို့ ရေးသားထားတာ တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ ကျင့်သားရပြီး စိတ်ဓာတ်ရေးရာအရလည်း ကျင့်သားရပြီး ဖြစ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ ရာထူးက ဖြုတ်ချခံရတာတောင် အပြုံးမပျက်တာ တွေ့ရပါတယ်။ အာဏာလက်လွတ်ဖြစ်ပြီး မနာလို ဝန်တိုစိတ်တွေနဲ့ ဟိုလူ လက်ညှိုးထိုး၊ ဒီလူ့ အပြစ်ဖို့ လုပ်နေဆဲဖြစ်တဲ့ ဒီကနေ့အထိ အာဏာပြန်ရရေး ကြိုးပမ်းနေဆဲဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ဟောင်းတွေနဲ့ကတော့ အကွာကြီး ကွာခြားတာကို တွေ့ရှိရပါကြောင်း။      စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024