Home
မြန်မာသတင်း
စည်ပင်လုပ်ငန်းအပေါ် မကျေနပ်တာရှိလျှင် လာရောက်မေးမြန်းရန် ကလေးမြို့ စည်ပင်ဥက္ကဋ္ဌ ဖိတ်ခေါ်
DVB
·
March 21, 2017
စည်ပင်သာယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေရှိပါက စည်ပင်ရုံးကို ကိုယ်တိုင်လာရောက် ဆွေးနွေးမေးမြန်း အကြံပေးနိုင်တယ်လို့ ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  ဦးသောင်းရွှေက ဒီကနေ့ သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ “ကျနော်တို့အနေနဲ့ နိုင်ငံတိုးတက်ဖို့ အရွေ့တခုကို တွန်းနေရတဲ့ အချိန်ပါ။ ကျနော်တို့နိုင်ငံက အမှိုက်ပုံကြီးလိုပဲ ဖြစ်နေတော့ တစချင်း ဆွဲထုတ် ဖြေရှင်းနေရတယ်။ ဒါကြောင့် ပြည်သူနဲ့ ဌာနအကြား တခါတလေ နားလည်မှုလွဲတာရှိပါတယ်။ ဒါတွေ မဖြစ်ဖို့ ဘယ်သူပဲ ဖြစ်ဖြစ် မရှင်းတာရှိရင် ဒါမှမဟုတ် ဆွေးနွေး အကြံပြုလိုတာရှိရင် ရုံးကို လာခဲ့ပါ။ အားလုံးကို ကြိုဆိုပါတယ်" လို့ စည်ပင်ဥက္ကဋ္ဌ ကပြောပါတယ်။ ကလေးမြို့ စည်ပင်လုပ်ငန်းတွေ ဆောင်ရွက်မှုအပေါ် မကျေနပ်မှုတွေ ရှိတဲ့အခါ အကြောင်းအရာ သေချာ စုံစမ်းခြင်းမရှိဘဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားပြောဆိုမှုတွေ ရှိနေတာကြောင့် စည်ပင်သာယာရေး ဥက္ကဋ္ဌက ခုလို ဖိတ်ကြားလိုက်တာပါ။ “ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပြောကြတာ အပြစ်မတင်ပါဘူး။ ဒါကလည်း သူတို့ စိတ်ဝင်စားလို့ တင်ကြတာပဲ။ ကောင်းပါတယ်။ ဒါပေမယ့် အကြောင်းအရာကို ကိုယ် ထင်သလို အမှား၊ အမှန် မသိဘဲ တင်တာတွေကျတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီအတွက် နောက်မှာ ၂ လ ၁ ကြိမ် စည်ပင်လုပ်ငန်းတွေကို ချပြနိုင်ဖို့ အစီအစဉ် ရှိတယ်" လို့လည်း စည်ပင်ဥက္ကဋ္ဌကပြောပါတယ်။ စည်ပင်လုပ်ငန်းစဉ်တွေ စီမံကိန်းတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်းလင်းပွဲတွေကို ကလေးမြို့  မြို့တော်ခန်းမမှာ နှစ်လ တစ်ခါ ပြုလုပ်ဖို့ လျာထားပြီး ကလေးမြို့ ပြည်သူတွေ၊  နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာတွေ ဘယ်သူမဆို တက်ရောက်နိုင်တဲ့ အစီအစဉ်မျိုး ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ပထမအကြိမ် စည်ပင်လုပ်ငန်းနဲ့ စီမံကိန်းများ ရှင်းလင်းပွဲကို လာမယ့် ဧပြီလအတွင်း စတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024