အမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် ၁ စီး မီးလောင်
DVB
·
March 20, 2017
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၇ / ၃ ဖာလုံအနီးမှာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က ရန်ကုန်က နေပြည်တော်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံယာဉ်တစီး မီးလောင်ကျွမ်းခဲ့ပါတယ်။
ဒီနေ့ မနက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၇ / ၃ ဖာလုံအနီးမှာ ရန်ကုန်က နေပြည်တော်ကို မောင်းနှင်လာတဲ့ မန်းရွှေမြို့တော် (expres) ခရီးသည်တင်ယာဉ်ဟာ အင်ဂျင်ခန်းက ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာပါ။
ခရီးသည်တင်ယာဉ် မီးလောင်ရာနေရာကို အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ အပါအဝင် မီးသတ်ယာဉ် ၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၈ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၂၅ ဦးမှာ ထိခိုက်ဒဏ်ရာရှိမှု မရှိဘူးလို့ သိရပါတယ်။ မီးလောင်မှုကြောင့် ကျပ်ငွေသိန်း ၂၅၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
မော်တော်ယာဉ် မီးလောင်ကျွမ်းတာနဲ့ ပတ်သက်ပြီး အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းက ယာဉ်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၇၉/ ၂၈၅/ ၂၀၂ တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်