ဖရန့်ဘတ်မြို့တွင် တူရကီသမ္မတကို ကန့်ကွက်ဆန္ဒပြ

ဂျာမနီနိုင်ငံတ၀န်း နေထိုင်နေကြတဲ့ တူရကီကာဒ့်တွေဟာ ဖရန့်ဘတ်မြို့မှာ မတ် ၁၈ ရက်နေ့က စုဝေးခဲ့ကြပြီး တူရကီသမ္မတ အာဒ၀မ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံက တူရကီကာဒ့်တွေဟာ သူတို့ နှစ်သစ်ကူးနေ့မတိုင်ခင် ဖရန်းဖတ်မြို့မှာ စုဝေးခဲ့ကြတာပါ။ တူရကီနိုင်ငံမှာ ဒီမိုကရေစီအခွင့်အလမ်းတွေကို ပိုမိုမြှင့်တင်ဖို့နဲ့ လာမယ့်လ တူရကီသမ္မတကို အခွင့်အာဏာပိုပေးဖို့ လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြ ပါတယ်။ ဆန္ဒပြသူအများအပြားဟာလည်း တူရကီနိုင်ငံမှာ တရားမ၀င်ပိတ်ပင်ခံထားရတဲ့ PKK အမှတ်လက္ခဏာတွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က တူရကီဝန်ကြီးတွေ ဂျာမနီနိုင်ငံအထိလာပြီး တူရကီအစိုးရထောက်ခံဆန္ဒပြပွဲတွေ မလုပ်ဖို့ ဂျာမနီအစိုးရက ပိတ်ပင်ခဲ့ကတည်းက နှစ်နိုင်ငံ အပြန်အလှန်တိုက်ခိုက်ပုတ်ခတ်ပြောဆိုနေကြတာပါ။ ဂျာမနီနိုင်ငံမှာနေထိုင်နေတဲ့ တူရကီနိုင်ငံသားတွေကိုတော့ သူ့တို့ထောက်ခံတဲ့ တူရကီအစိုးရ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ခွင့်မပေးပဲ တူရကီအစိုးရကို ဆန့်ကျင်တဲ့ PKK ပါတီကို ကျတော့ ထောက်ခံဆန္ဒပြခွင့်ပြုတယ်။ ဒါ လက်ခံနိုင်စရာမဟုတ်ဘူးလို့ တူရကီသမ္မတ အာဒ၀မ်ရဲ့ ပြောခွင့်ရသူကပြောဆိုပါတယ်။ ဒီဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်လို့ ဖရန်းဖတ် ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။ တူရကီသမ္မတကို အမေရိကန်သမ္မတအခွင့်အာဏာမျိုးပေးဖို့ လာမယ့်လမှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်ပြီး ဂျာမနီနိုင်ငံမှာနေထိုင်နေတဲ့ တူရကီနိုင်ငံသား ၁ သန်းခွဲလောက် မဲပေးခွင့်ရကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up