နမ့်ဖတ်ကာတွင် တိုက်ပွဲဆက်ဖြစ်ပွား၊ ရွာသားများ ဗုံးဆန်ထိမှန်
DVB
·
March 19, 2017
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသဘက်မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အနီးနားက ရွာသားတွေ လက်နက်ထိမှန် ဒဏ်ရာရရှိသွားပါတယ်။
နမ့်ဖတ်ကာ ကျေးရွာအုပ်စု ရပ်ကွက်ကြီး(၄) အစွန်မှာရှိတဲ့ ဒေါ်အေးဆွေအသက် ၇၄ နှစ်ရဲ့နေအိမ်ကို လက်ပစ်ဗုံး ၉ လုံးကျခဲ့တာကြောင့် အိမ်သားတဦး ပေါင်နှစ်ဖက်ကို ဗုံးဆန်ထိမှန်ခဲ့ပြီး အိမ်မိုးသွပ်တွေ၊ အိမ်ထရံနဲ့ ဘုရားစင်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒေါ်အေးဆွေအိမ်ရဲ့ မြောက်ဘက်မှာနေထိုင်တဲ့ ဦးငိုဘာ အသက် ၃၃ နှစ်နဲ့ သမီးဖြစ်သူ မအယ်ဂျီတို့ ၃ယောက်လည်း လက်ပစ်ဗုံးဆန်တွေ ထိမှန်ခဲ့ပါတယ်။
အရင်တိုက်ပွဲတွေမဖြစ်ပွားခင် လက်နက်ကြီးတွေမကျခင်က ကြိတ်ကြိတ်တိုးစည်ကားခဲ့တဲ့ နမ့်ဖတ်ကာ ၅ ရက်တပါတ်ဈေးဟာလည်း ည ၈ နာရီခွဲလောက်က လက်နက်ကြီး ၃ လုံးလောက် ထပ်မံပစ်ခတ်ခံရတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ပြီး ဈေးမလာကြလို့ အရောင်းအ၀ယ်ပါးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတင်း-နိုင်နိုင်