လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ် စစ်မှုထမ်းဟောင်းအိမ်ထိမှန်
DVB
·
March 19, 2017
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်ကို MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်မှုထမ်းဟောင်းအိမ်ရာရှိ လူမနေတဲ့ အိမ် ၁ လုံး ထိမှန်ပျက်စီးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
မတ် ၁၇ ရက်ညက နှစ်နိုင်ငံနယ်စပ် ဘီပီ-၁၂၆နဲ့ ဘီပီ-၁၂၇ အကြားမှနေပြီး ၁၀၇ မမ လို့ယူဆရတဲ့ ရော့ကတ်ဒုံးကျည် ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးကျည်တွေဟာ နားလီကျေးရွာ ထိပ်မှာ ၁ လုံး၊ ထင်ပါကျိုင်းကျေးရွာနားမှာ ၄ လုံး၊ လောက်ကိုင်မြို့၊ မဟာမြတ်မုနိဘုရားကုန်း အောက်ခြေတောစပ်မှာ ၂ လုံး၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီးမှာ ၃ လုံး၊ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၆ ရက်မနက်အစောပိုင်းကလည်း MNDAA ကိုးကန့်လက်နက်ကိုင်တွေက လောက်ကိုင်မြို့ကို ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲနဲ့ အရပ်သားအချို့သေဆုံးပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။