ထားဝယ်ကျောက်မီးသွေးစက်ရုံအကြောင်း မောင်းမကန်တွင် ဒေသခံကို အသိပေးပွဲလုပ်
ရွှေအောင်
·
January 4, 2012
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးမှာပါဝင်တဲ့ ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို အသိပေးတဲ့ လှုပ်ရှားမှုတခု ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
[caption id="attachment_19598" align="alignright" width="300" caption="ဒေသခံတွေကို အသိပေး လှုပ်ရှားမှု ပြုလုပ်စဉ်"][/caption]
ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေမှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံ ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ လှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်တဲ့ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
သူတို့အဖွဲ့ရဲ့ ဒီနေ့လုပ်ဆောင်မှုနဲ့ ဒေသခံတွေရဲ့ သဘောထားကို သူက ခုလို ပြောပါတယ်။
“ကျောက်မီးသွေးစက်ရုံ လာလုပ်မယ်။ သူတို့ အဲဒါ လုပ်မယ့်အကြောင်း၊ ပြီးရင် ကျောက်မီးသွေးစက်ရုံကနေပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လို ရှိတယ်။ သိသင့်တဲ့ဟာတွေပေါ့ဗျာ။ အဲဒါကို ကျနော်တို့ လူတွေကို သူတို့ သိသင့်သိထိုက်တဲ့ message (သတင်း) တွေပေါ့။ သူတို့အနေနဲ့ ပြန်စဉ်းစားပေါ့။ အဲဒါကို လက်ခံသင့်ကြောင်း၊ လက်မခံသင့်ကြောင်း အဲဒီအတွက် ကျနော်တို့ ပေးတယ်။ ပြီးရင် အဲဒါနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောထားကို လက်မှတ်ထိုး လှုပ်ရှားမှု လုပ်ပြီး ပြန်ပြီးတော့ ယူတယ်။ အခု သူတို့က အဲဒါကို တကယ်လာမှာလားပေါ့၊ တကယ်လာရင် ငါတို့က ဘယ်လိုလက်ခံရမလဲဆိုပြီး စိတ်ထဲကတော့ နည်းနည်း ရှော့ဖြစ်သွားတာပေါ့။”
ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ဖြစ်လာတဲ့ အကြောင်းရင်းတွေ၊ တည်ဆောက်ဖြစ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အဖွဲ့ဝင်အချင်းချင်း မျှဝေပြောပြတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ချိတာတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာထဲမှာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအပေါ် ဒေသခံတွေရဲ့ သဘောထားကို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။
အဲ့ဒီသတင်းစာရှင်းလင်းပွဲ ပြီးတဲ့နောက်မှာလည်း ထိုင်းနိုင်ငံက မက်တဖွတ် (Map Ta Phut) စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ကြပြီး အဲ့ဒီကတွေ့ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဒီနေ့မှာ တဆင့် မျှဝေခဲ့ကြပါတယ်။
ထားဝယ်ဒေသခံတွေရဲ့ သဘောထားတွေ ဖော်ထုတ် သိရှိပြီးရင်တော့ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နဲ့ သမ္မတထံ စာရေးတင်ပြဖို့ ရှိတယ်လို့ သိရပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာပါဝင်တဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟာ ကာဗွန်ထုတ်လွှတ်မှု တနှစ် တန်သန်း ၃၀ ရှိနိုင်ပြီး ထိုင်းတနိုင်ငံလုံး ထုတ်လွှတ်မှုရဲ့ ထက်ဝက်ရှိလာမှာဖြစ်ပါတယ်။
ဒါ့အပြင် စက်ရုံက ထွက်ရှိလာမယ့် ဓာတ်ငွေ့တွေကြောင့်လည်း လူနဲ့ ပတ်ဝန်းကျင်တို့ ထိခိုက်ပျက်စီးနိုင်တယ်လို့ လေ့လာမှု စစ်တမ်းတခုအရ သိရကြောင်း ပြီးခဲ့တဲ့အပတ်ထုတ် ဝီးကလီအဲလဗင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။