ရဲမေတဦးထံမှ သေနတ်လုသည့် အစွန်းရောက်ကို ပြင်သစ်ရဲက အသေပစ်ခတ်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လောလီလေဆိပ်မှာ မတ် ၁၈ ရက်နေ့က လုံခြုံရေးရဲမေတဦးဆီကနေ သေနတ်လုတဲ့ အစွန်းရောက်တဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေပစ်သတ်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင် မတ် ၁၈ ရက်နေ့ မနက်ပိုင်းမှာပဲ ပါရီမြို့တော်မြောက်ပိုင်းမှာလည်း သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်လို့ ပြင်သစ်လုံခြုံရေးတပ်ဖွဲ့ကပြောဆိုပါတယ်။ အဲ့ဒီအမျိုးသားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစွန်းရောက်လာမှု၊ လက်နက်ပြ လုယက်မှုအပါအ၀င် ရာဇ၀တ်မှုကျူးလွန်မှုတွေရှိခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်းထဲ ပါဝင်နေသူတဦးဖြစ်ပါတယ်။ ဒီလက်နက်လုယက်အကြမ်းဖက်မှုဟာ တော်တော်ကို ဆိုးရွားပြီး လေဆိပ်ကိုလည်း ခဏ ပိတ်လိုက်ရပါတယ်။ ရဲမေရဲ့ သေနတ်ကို အတင်းလုယက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ရဲမေက သူ့ရဲ့သေနတ်ကို ကာကွယ်နိုင်ခဲ့ပြီး အနားမှာရှိတဲ့ တခြားလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်က အသေပစ်သတ်လိုက်တာပါ။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို တိုက်ခိုက်တယ်ဆိုတာကို မသိသေးပေမယ့် သူ့ရဲ့အခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်စီးနင်းခဲ့ပြီး သူ့ရဲ့ ဖခင်နဲ့ ညီအစ်ကိုတဦးကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းနေပါတယ်။ လေဆိပ်မှာလည်း ဗုံးရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီး ဘယ်သူမှ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up