အသားထုပ်ပိုးစက်ရုံများကို ဘရာဇီးတာဝန်ရှိသူများ ၀င်စီးနင်း

ဘရာဇီးအာဏာပိုင်တွေက နိုင်ငံတွင်းက အသားထုပ်ပိုးတဲ့ စက်ရုံတွေကို မတ် ၁၇ ရက်နေ့က ၀င်ရောက် စီးနင်းခဲ့ပါတယ်။ မမှန်မကန် လုပ်မှုအတွက် ကျန်းမာရေးဆိုင်ရာ အရာရှိတွေကို လာဘ်ထိုးမှုနဲ့ စွပ်စွဲခံရအပြီး ခုလို စီးနင်းခဲ့တာပါ။ JBS SA နဲ့ BRF SAတို့လို ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေသာမက ဒါဇင်နဲ့ချီတဲ့ ပြိုင်ဘက် လုပ်ငန်းသေးတွေကိုပါ စီးနင်းခဲ့လို့ နှစ်စဉ် ပြည်ပတင်ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံဖိုးရှိတဲ့ ဈေးကွက်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ မလတ်ဆတ်တဲ့ အသားတွေကို ထုပ်ပိုးတာ၊ အစာအဆိပ်သင့်မှု ဖြစ်စေနိုင်တဲ့ salmonella ကူးစက်မှု ရှိနေတဲ့အသားတွေကို သင်္ဘောနဲ့ ပြည်ပတင်ပို့တာ စတဲ့ မသန့်ရှင်းတဲ့ လုပ်ရပ်တွေကို ကြီးကြပ်ရာမှာ စစ်ဆေးသူတွေနဲ့ နိုင်ငံရေးသမားတွေကို လာဘ်ထိုးခဲ့တဲ့ သက်သေတွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ စွဲချက်တွေထဲမှာ တချို့ ကုမ္ပဏီတွေက ဥရောပ ဈေးကွက်ကို တင်ပို့မယ့် အသား တင်ပို့ကုန်တွေအတွက် အောင်လက်မှတ်ကို အတုလုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘရာဇီး အသားထုတ် လုပ်ငန်းကို နိုင်ငံခြားက တားမြစ်ပိတ်ပင်နိုင်မှု မြင့်မားလာနေပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်း စက်ရုံ ၃ ခုကို ဘရာဇီး စိုက်ပျိုးရေး ဝန်ကြီးဌာနက ယာယီ ပိတ်ခိုင်းခဲ့ပါတယ်။ မတ် ၁၇ ရက်နေ့ စီးနင်းမှုအတွင်း BRF ဝန်ထမ်း ၃ ဦးနဲ့ JBS ဝန်ထမ်း ၂ ဦး၊ ပြည်သူ့ဝန်ထမ်း အရာရှိ အယောက် ၂၀ တို့ကို ဖမ်းခဲ့တယ်လို့ ရဲတွေက အစီရင်ခံပါတယ်။ မနှစ်က ဘရာဇီးနိုင်ငံဟာ ကြက်ဘဲ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလျံဖိုးနဲ့ အမဲသား တန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံဖိုး ပြည်ပကို တင်ပို့ခဲ့တယ်လို့ စက်မှုလုပ်ငန်းစုက ဆိုပါတယ်။ JBS က သူ့စက်ရုံ ၃ ရုံနဲ့ သူ့ဝန်ထမ်းတွေထဲက တယောက်သာ ပစ်မှတ်ထားခံရတာ ဖြစ်ပြီး အကြီးတန်းအမှုဆောင်တွေနဲ့ ဌာနချုပ်က ပစ်မှတ်ထား မခံရဘူး၊ သူတို့ဟာ မှန်ကန်တဲ့ အရည်အသွေး စံချိန်နဲ့ သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာတယ်လို့ ပြောပါတယ်။ BRF ကုမ္ပဏီကလည်း သူ့လုပ်ငန်းဟာ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာပြီး စုံစမ်းစစ်ဆေးရာမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up