Home
မြန်မာသတင်း
၎ ကြိမ်မြောက် ပြည်သူ့လွှတ်တော်စည်းဝေးပွဲ ရပ်နား၊ ဥပဒေ ၉ ခု အတည်ပြုပြဋ္ဌာန်းနိုင်
ရွှေအောင်
·
March 17, 2017
၎ ကြိမ်မြောက် ပြည်သူ့လွှတ်တော်စည်းဝေးပွဲတွေကို ဒီနေ့ ရပ်နားလိုက်ပြီး ဒီတကြိမ်လွှတ်တော်မှာ ဥပဒေ ၉ ခု အတည်ပြုပြဌာန်းနိုင်ခဲ့ပါတယ်။ ဇန်န၀ါရီလကုန်ပိုင်းမှာ ပြန်လည်ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ကြိမ်မြောက် ပြည်သူ့လွှတ်တော်အတွင်း လူပုဂ္ဂိုလ်ဆိုင်ရာအခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေအသစ်တခုကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ဥပဒေ ၁၀ ခု ပြင်ဆင်အတည်ပြုဖို့ ကျန်ရှိနေသေးတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက် စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခု လွှတ်တော်အတွင်း အစိုးရရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် အဖွဲ့အစည်း ၆ ခုရဲ့ ဘတ်ဂျက်ကိုတော့ ဖြတ်တောက်ခြင်း အလျဉ်း မရှိဘဲ အတည်ပြုခဲ့တာပါ။ တခါ အခု လွှတ်တော်အတွင်းမှာပဲ အန်အယ်လ်ဒီလွှတ်တော် ၁ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ခဲ့ သလို လွှတ်တော်ကော်မတီသက်တမ်းတိုး လုပ်ငန်းများလည်း လုပ်ဆောင်ခဲ့ပါတယ်။ သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ တံတားနာမည်ပေးဖို့ကိစ္စ လွှတ်တော်ထဲ ဆွေးနွေးတာမျိုးက အနုတ်လက္ခဏာ ဆောင်တယ်လို့ ပြောပါတယ်။ “အခု နောက်ဆုံးအကြိမ် ကြည့်ရတာ အားမရဘူး။ ဥပမာ ကျနော်တို့ မျှော်လင့်ထားတဲ့ ၆၆ ဃ လို ဟာမျိုး ပြင်ဆင်တာမျိုး မလုပ်နိုင်ဘဲနဲ့ တံတားအမည်ပေးတဲ့ကိစမျိုးတွေ ငွေကုန်အချိန်ကုန်ခံပြီးတော့ မဲခွဲ ဆုံးဖြတ်တာတို့ အဲ့ဒါတွေကတော့ အနုတ်လက္ခဏာလို့ မြင်တယ်ဗျ။” ၀န်ကြီးဌာနဘတ်ဂျက်တွေကို လွှတ်တော်က စိစစ်ဖြတ်တောက်နိုင်တာကတော့ ကောင်းတဲ့အချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ဒီနေ့ နှုတ်ခွန်းဆက်စကားမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး မရလို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်သေးဘူးလို့ ထည့်သွင်းပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး ရအောင် ၀ိုင်းလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024