လယ်ယာမြေ ပြုပြင်သည့်လုပ်ငန်းများကို ၃ နှစ် အရစ်ကျစနစ်ဖြင့် ဆောင်ရွက်ပေးမည်
DVB
·
March 17, 2017
တောင်သူလယ်သမားတွေရဲ့ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေ မြေညှိပြုပြင်ခြင်း လုပ်ငန်းတွေကို သုံးနှစ် အရစ်ကျ စနစ်နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ပြောပါတယ်။
လယ်ယာမြေပြု ပြင်လိုတဲ့ တောင်သူတွေအနေနဲ့ မိမိလယ်ယာမြေ အနီးက တောင်သူတွေနဲ့ စုပေါင်းကာ ဧက ၁၀၀ ခန့် ရှိမှ ပြုပြင်ခွင့်ရမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောပါတယ်။
အချို့ လယ်တွေမှာ ဧကကွက် မပြည့်မီတဲ့အတွက် လယ်ထွန်စက် ၀င်မရခြင်း၊ ရေဆိုး ထုတ်မရခြင်း၊ ရေသွင်းမရခြင်း စတဲ့ ပြဿနာတွေကို စနစ်တကျ ပြုပြင်လိုက်ပါက အထွက်နှုန်းလည်း တိုးလာနိုင်တဲ့အပြင် မျိုးကောင်း မျိုးသန့်တွေကိုလည်း စိုက်ပျိုးလာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လယ်ယာမြေ ပြုပြင်လိုတဲ့ တောင်သူများအနေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်ရမှာ ဖြစ်ပြီး လယ်ယာမြေ ပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်တွေကို ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ဆက်ကာ သုံးနှစ်အတွင်း ခြောက်ကြိမ် အရစ်ကျ စနစ်နဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
သတင်း - AMIA