Home
မြန်မာသတင်း
မြန်မာ့ပျားရည် ဥရောပဈေးကွက်တင်ပို့နိုင်ရန် ဓာတ်ခွဲစမ်းသပ်မည်
DVB
·
March 17, 2017
မြန်မာနိုင်ငံက ထွက်တဲ့ ပျားရည်တွေကို ဥရောပနိုင်ငံ ဈေးကွက်တွေကို တင်ပို့ရောင်းချနိုင်ဖို့ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။ လတ်တလောမှာတော့ ဓာတ်ခွဲစစ်ဆေးမှုတွေကို ပြုလုပ်နေပြီး တင်ပို့နိုင်ဖို့ကတော့ အချိန် ၁ နှစ်လောက် ယူရဦးမယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇန်ထွေးက ပြောပါတယ်။ “ကျနော်တို့နိုင်ငံရဲ့ ပျားရည်ထွက်တဲ့နေရာ ၁၀ နေရာမှာ တော်တော်များများ ကောက်ပြီးမှ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းတွေ၊ ရန်ကုန်မှာရှိတဲ့ ဓာတ်ခန်းခွဲတွေကို ပို့ပြီး စစ်မယ်။ စစ်ပြီးမှ အီးယူက လိုချင်တဲ့ ကွာလတီအနေအထားရှိတဲ့ ပျားရည်ဆိုရင် ကျနော်တို့ အီးယူဈေးကွက်ကို ပို့ဖို့ ကျနော်တို့ စီမံကိန်းတခု လုပ်ထားတယ်။ လက်ရှိဈေးကွက်က တန် ၃၀၀ လောက် ပထမဆုံးအနေနဲ့ အီးယူဈေးကွက်ကို တင်နိုင်အောင် လုပ်မယ်။ ကျနော်တို့ ပို့တာတွေကို သူတို့ဈေးကွက်က လက်ခံတယ်ဆိုရင် နောက်ပိုင်းမှာ ကျနော်တို့က အများကြီး တိုးချဲ့လုပ်လို့ရတယ်။ အဓိကကတော့ ကွာလတီဖြစ်ဖို့လိုတယ်။ ဈေးကွက်က လိုလားတဲ့၊ လက်ခံတဲ့ အရည်အသွေးရှိတဲ့ ပျားရည်ကို ထုတ်လုပ်နိုင်ဖို့အတွက် အဓိကပါ။” လက်ရှိ  မြန်မာ့ပျားရည်ကို အာရှဒေသတွင်းနိုင်ငံတွေကို တင်ပို့နေပြီး  အဓိက ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ ဈေးကွက်တွေကို အဓိက တင်ပို့နေတယ်လို့ သိရပါတယ်။ လတ်တလောမှာ မြန်မာ့ပျားရည်တွေကို ဥရောပ နိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်ဖို့အတွက် အရည်အသွေးပိုင်း မြှင့်တင်မှုတွေနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။ “အနောက်နိုင်ငံက လိုအပ်ချက်ကတော့ သူတို့က ပျားထွက်တဲ့၊ ပျားခိုနားတဲ့ ဝတ်ရည်သွားစုပ်တဲ့နေရာမှာ ဆေးဝါးဓာတ်ကြွင်းပါမှာ သိပ်ကြောက်တာ။ အဲဒါ မပါဘူးဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အာမခံချက်ပေးရမယ်” လို့ GIZ မှ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ပညာရှင် ဦးတင့်ဝေက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ပျားမွေးမြူးရေးလုပ်ငန်းကို   တနိုင်တပိုင် လုပ်ကိုင်နေကြတာ ဖြစ်ပြီး  ပျားမွေးမြူမှုတွေကြောင့်  စိုက်ပျိုးသီးနှံ အထွက်နှုန်းကို ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ အစွဲတွေလည်း ရှိတာကြောင့် ပျားမွေးမြုရေးလုပ်ငန်း လုပ်ကိုင်ချင်သူတွေမှာလည်း အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024