Home
မြန်မာသတင်း
လားရှိုး-မူဆယ်လမ်းတွင် လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်၊ ကားဘီးများ ပစ်ဖောက်
နန်းမြနဒီ
·
March 16, 2017
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွား လမ်းမကြီးပေါ်မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်ပြီး ကားဘီးတွေလည်း သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့  ကိုယ်တွေ့ကြုံရသူ ကားသမားတွေက ပြောပါတယ်။ မူဆယ်မြို့မှာနေထိုင်တဲ့ ကိုစိုင်းဆိုသူဟာ မတ်လ ၁၅ ရက်နေ့ မနက်က လားရှိုးကို ထွက်ခွာလာစဉ် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ ကားလမ်းပိုင်းအရောက် လက်နက်ကိုင်အဖွဲ့နဲ့ တိုးမိပြီး ဆက်ကြေးလည်းကောက်၊ ကားဘီးလည်း အဖောက်ခံခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော့်ကားနမ့်ကွတ်ကိုရောက်တော့ မနက် ၉ နာရီလောက်ပေါ့၊ အရှေ့မှာ တွဲကားကြီးတွေ ကန့်လန့်ဖြတ်ရပ်ထားတာ အဝေးကလှမ်းမြင်ရတယ်။ ကျနော်လည်း ဆက်မောင်းလာတာ အဲဒီနားရောက်ခါနီး လက်နက်ကိုင် အဖွဲ့  ၃ ယောက် ရောက်လာတယ်။ တီအန်အယ်အေတံဆိပ်နဲ့ ကျနော်လည်း အတွေ့အကြုံအရ ဆက်ကြေးပေးရတော့မယ်ဆိုတာသိလိုက်တယ်။ နောက်ထပ် ခြုံထဲက ၂ ယောက်ထွက်လာတယ်။  စကားပြောစက်ကိုင်ပြီး  တစ်စီးကို ၅ သောင်းကောက်ပါလို့ ပြောတယ်။ ပြီးတော့ ကျနော့ကို သေနတ်နဲ့ ချိန်ထားတယ်။ ကျနော်လည်း ပိုက်ဆံထုတ်လိုက်တာ ၃ သောင်းပဲရှိလို့  ရှိသလောက် ပေးလိုက်တယ်။ ကျနော်တို့ အရှေ့ကကားကိုရော အနောက်ကကားကိုပါ ပိုက်ဆံလိုက်ကောက်တာ တွေ့ရတယ်။  အရှေ့ကကားက တယ်လီဖုန်းပါ ယူသွားတယ်။ ပြီးတော့ ကျနော်တို့ အားလုံးကို လမ်းမကြီးပေါ် ဆက်မောင်းခိုင်းတယ်။ ကျနော်တော့ သွားရပြီထင်လို့ စိတ်အေးသွားတယ်။ နောက်တော့ဘယ်ဟုတ်မလဲ၊  တွဲကားနားမှာ  သွားရပ်ခိုင်းပြီး ကားဘီးတွေကို သေနတ်နဲ့ပစ်တယ်။ ပြီးတော့ အကုန်ကားပေါ်က ဆင်းခိုင်းတယ်။  ကျနော့်မိန်းမက နှေးတော့ မဆင်းရင်ပစ်မယ်လို့ ပြောလို့  အမြန်ဆင်းလာတယ်။ ပြီးတော့ အားလုံးကို ၀မ်းလျားမှောက်ခိုင်းတယ်။ ကျနော်တို့လည်း မော်မကြည့်ရဲဘူး၊  ပြီးတော့ သေနတ်သံတွေကြားရပြန်ရော၊   တိုက်ပွဲဖြစ်တယ်လို့ ထင်နေတာ၊ အသံတွေငြိမ်သွားပြီး ကြည့်လိုက်တော့ ကျနော်တို့ကားဘီးတွေ သေနတ်နဲ့ အပစ်ခံရတာ၊ ကျနော့်ကားတာရာမှာ အပေါက် ၅ ပေါက်လောက်ရှိတယ်။ ကားဘော်ဒီတွေလည်း ပေါက်တယ်။  တစ်နာရီလောက်ကြာတော့ တပ်မတော်စစ်ကြောင်း ရောက်လာတယ်။ သူတို့က အကျိုးအကြောင်းမေးပြီး မကြောက်နဲ့ ဆက်သွားလို့ရပြီဆိုလို့ ကျနော်တို့လည်း ကိုယ့်ကားဘီးကိုယ် ပြန်လဲရင်း ခရီးဆက်လာကြတယ်။” အဲဒီနေ့က ဆက်ကြေးကောက်၊ ကားဘီးအဖောက်ခံရတာတွေကြောင့် ကားတွေ ရာနဲ့ချီ သွားလာလို့ မရဘဲ ယာဉ်ကြောပိတ်ဆို့မှု ၃ နာရီကျော်ကြာဖြစ်ပွားခဲ့ကြောင်း၊ လားရှိုးရောက်တော့ ခရီးသွားတွေ အချင်းချင်း အတွေ့အကြုံဖလှယ်တာ အဲဒီနေ့က ကားဘီး ပစ်ဖောက်ခံရတဲ့ကားမှာ ၂၂ ဘီးကား၊ ဆယ်ဘီးကား၊ ၆ ဘီးကားတွေလည်း ပါဝင်ပြီး  တချို့က ၅ သောင်း၊ တချို့က ၁ သိန်း၊ တချို့က ၃ သောင်းပေးရကြောင်း၊ ငွေမပြည့်ရင် ကားသော့ယူထားလို့ ပြည့်အောင်ရှာပေး လိုက်ရ တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ တီအန်အယ်လ်အေပြောခွင့်ရ မိုင်အိုက်ကျော်က “ဆက်ကြေးကောက်တာ တော့ မရှိဘူး။ မနက်က တိုက်ပွဲဖြစ်ချိန်က ကားတွေပိတ်ထားတာတော့ရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွင်းမို့ ဟိုဘက် အလာကားပေါ့၊ ကျနော်တို့ ထိန်းသိမ်းထားတယ်။ တိုက်ပွဲပြီးတာနဲ့ အကုန်လုံး ပုံမှန်အတိုင်း ပြန်သွားကြတယ်။ ကားဘီးဖောက်တာလည်း မရှိပါဘူး။ တိုက်ပွဲအတွင်းမို့လို့ မှန်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သူတို့ သတင်းပို့တဲ့အထဲမှာလည်း မပါဘူး။ ကားတွေက လုံးဝကို ပေးမဖြတ်ဘူး၊ ဖြတ်ရင် တိုက်ပွဲကြားမှာ ညှပ်သွားမယ် အဲဒါကြောင့် ထိန်းသိမ်းထားတယ်။” လို့ ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာလည်း မူဆယ် နဲ့ ခိုမုန်းရွာကြား ခရီးသည်တင်ကားတချို့ ကားဘီးပစ်ဖောက်ခံရကြောင်း  လူမှုကွန်ရက်မှာ ဗွီဒီယိုဖိုင်တွေတက်လာပေမယ့် ကာယကံ ရှင်တွေ နဲ့ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024