မအူပင်တက္ကသိုလ်ဆိုင်ခန်းခများတိုးကောက်သဖြင့် ဆိုင်ပိုင်ရှင်များအခက်ကြုံနေ
နော်နိုရင်း
·
March 16, 2017
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ မအူပင် တက္ကသိုလ်မှာဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင် ခန်းခတွေကို ရုတ်တရက် တိုးမြှင့်လိုက်တဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေ အခက်အခဲတွေ့နေပါတယ်။
ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့မှာ တက္ကသိုလ်တာဝန်ရှိသူတွေက ဈေးဆိုင်ခန်း ပိုင်ရှင်တွေကို ခေါ်ယူ ပြီး ဆိုင်ခန်းခဈေးနှုန်း တလကျပ် ၂ သောင်းကောက်ခံနေရာကနေ ကျပ် ၅ သောင်းထိ တိုးမြှင့် ကောက်ခံမယ့်အကြောင်း ပြောဆိုခဲ့တာပါ။
တက္ကသိုလ်မှာ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင် ဦးဇော်ဇော်နိုင်ကတော့ ကျောင်းတာဝန်ရှိသူတွေအနေနဲ့ ကြိုတင်အကြာင်းကြားခြင်းမရှိဘဲ အစည်းအဝေးခေါ်ယူဆုံးဖြတ်ခဲ့တာ လို့ ပြောပါတယ်။
“သူတို့ကတော့ ရုံးခန်းထဲခေါ်ပြီး ဒီလိုလုပ်မယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့လက်မှတ်တွေ ဘာတွေလည်း ဘာမှမထိုးရသေးပါဘူး။ ကျနော်တို့ နားထောင်ပြီးတော့မှပဲ ပြန်လာခဲ့တာပါ။ ကျနော်တို့အနေနဲ့ဒီကိစ္စပေါ် သဘောမတူပါဘူး။ ပြီးတော့ ကျနော်တို့ ဒေသတွင်းမှာလည်း ပုသိမ် တက္ကသိုလ်တို့၊ ဟင်္သာတ တက္ကသိုလ်တို့ ဧရာဝတီတိုင်းထဲမှာ ရှိတဲ့ တခြား တက္ကသိုလ်တွေကလည်း တလ ကျပ် ၂ သောင်းပဲ ရှိပါတယ်ခင်ဗျာ။”
မအူပင်တက္ကသိုလ်မှာ ဈေးဆိုင်ခန်း ၁၀ ခန်းရှိပြီး ၈ ခန်းမှာ အစိုးရက တည်ဆောက်ပေး တဲ့ဆိုင်ခန်းဖြစ်ပါတယ်။ ကျန် ၂ ခန်းမကတော့ မြေငှားပြီး ကိုယ့်ဘာသာတည်ဆောက်ရတဲ့ အခန်းတွေဖြစ်တယ်လို့ ဆိုင်းခန်းပိုင်ရှင် နောက်တဦးဖြစ်တဲ့ ဦးမောင်မောင်ဦးက ပြောပါတယ်။
အခုဆိုင်ခန်းတွေ ပြုပြင်ထိန်းသိန်းဖို့ဆိုပြီး ဆိုင်ခန်းအားလုံးကို ငှားရမ်းခ တိုးကောက်တာဖြစ်ပြီး ဒီလို ဆိုင်ခန်းခ ဈေးနှုန်းတက်တဲ့အတွက် ဆိုင်ရှင်တွေ အနေနဲ့ စားသောက် ကုန်ပစ္စည်းတွေ စေျးတင် ရောင်းချရ ဖွယ်ရှိပြီး ကျောင်းသူကျောင်းသားတွေအတွက် အခက်အခဲဖြစ်သွားနိုင်တယ်လို့လည်း ဦးမောင်မောင်ဦးက ပြောပါတယ်။
ကျောင်းပြင်ဆင် ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန ဆိုင်ခန်းကော်မီတီတွဲဖက် အတွင်းရေးမှူး ဦးစွမ်းဇော်ကတော့ ဈေးတက်ဖို့ ကျောင်းအနေနဲ့ တဖက်သတ် ဆုံးဖြတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ဆိုင်ခန်းရှင်တွေကို တရားဝင် အစည်းအဝေးတွေကို ခေါ်ပြီးတော့မှ သူတို့ကို ဆိုင်ခန်းတွေရဲ့ လက်ရှိအခြေအနေတွေ၊ ကျောင်းက နေပြင်ဆင်ပေးနိုင်မယ့် အခြေအနေတွေကို ရှင်းပြတယ်။ ရှင်းပြပြီးတော့မှ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့မှ ထိုက်တန်တဲ့ အခ ကြေးငွေတခုပေါ့လေ။ ဒါကလည်း ကျနော်တို့ ကျောင်းကော်မီတီက ရတာမဟုတ်ဘူး။ နိုင်ငံတော်ကို စာရင်းဇယားနဲ့ သွင်းရတာ။ အဲဒါကို သူတို့ကိုခေါ်ပြီး ဒီလောက်ဆိုရင် သင့်တော်မလား။ သူတို့နဲ့ ဆွေးနွေးပြီးတော့မှပဲ ဈေးနှုန်းတခုကို သတ်မှတ်ပြီးတော့ တိုးမြင့်လိုက်တာဖြစ်တယ်။ ”
တခြားတက္ကသိုလ်တွေမှာဆိုရင် ဈေးဆိုင်ခန်းတွေကို လေလံစနစ်နဲ့သွား တာဖြစ်ပြီး မအူပင်တက္ကသိုလ်ကတော့ ဒေသအခြေအနေအရ လစဉ်သွင်းစနစ်နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ လည်း ဦးစွမ်းဇော်က ပြောပါတယ်။
မအူပင်တက္ကသိုလ်မှာ ကျောင်းဖွင့်လာတဲ့ သက်တမ်း ၁၅ နှစ်လောက်အတွင်း စားသောက်ဆိုင်ခန်းငှားခတွေ တလကျပ် ၂ သောင်းကောက်လာရာကနေ ခုချိန်မှာ ပြုပြင်ထိန်းသိမ်းမယ့် အနေအထားဖြစ်တဲ့အတွက် တလ ကျပ် ၅ သောင်း တိုးမြှင့်ကောက်ခံ တာလို့လည်း ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။