ဘော်ဒါနေကျောင်းသားများကို လာကြိုသည့်ကားမှောက်၊ ၁၁ ဦး ဒဏ်ရာရ
DVB
·
March 16, 2017
မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၀၂/၅ နဲ့ ၆ အကြားမှာ မတ် ၁၆ ရက် မနက် ၁၀ နာရီက ယာဉ်မောင်း နိုင်ဦး မောင်းနှင်လာတဲ့ လိုက်အေ အပြာရောင်ကားမှောက်ပြီး ၁၁ ဦးဒဏ်ရာရသွားပါတယ်။
မလှိုင်ဘော်ဒါကျောင်းမှာထားတဲ့ တာချီလိတ်က ကျောင်းသားတွေစာမေးပွဲပြီးလို့ လာကြိုရာ အရှိန်များပြီး လမ်းဘေး ဘားတန်း တိုက်မိ တိမ်းမှောက်ခဲ့တာလို့ မိတ္ထီလာမြို့၊ သီးကုန်း အမြန်လမ်းရဲစခန်း စခန်းမှူး ရဲအုပ်သန်းထွန်းကပြောပါတယ်။
“သတင်းရရချင်း ရဲအင်အား ၁၅ ယောက်၊ မီးသတ်ကျန်းမာရေးအဖွဲ့တွေနဲ့ သွားတယ်။ ကားပေါ် ၁၇ ယောက်ပါတာ။ ၁၁ ဦး ဒဏ်ရာရတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးတယ်။ မစိုးရိမ်ရပါဘူး။ ကျောင်းသားတွေ မန္တလေးဘက် အလည်လိုက်ပို့တယ် ထင်တယ်။”
ယာဉ်မောင်း နိုင်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ မိမိနဲ့အခြားသူ ပြင်းထန်ဒဏ်ရာရစေတဲ့ ပြစ်မှုပုဒ်မ ၃၃၈ နဲ့ မိတ္ထီလာ၊ သီးကုန်း အမြန်လမ်းရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)