ဂိမ်းစွဲ ကျောင်းသားငယ်များအား စိတ်ကြွဆေးရောင်းချသူ ၆ ဦး ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ် ချင်းဒေါင်းမြို့နယ် မိုင်းနာ့ကျေးရွာအုပ်စုထဲမှာ ဂိမ်းစွဲလန်းတဲ့ ကျောင်းသားငယ်တွေကို စိတ်ကြွဆေးရောင်းချပေးသူ ၆ ဦး ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အမှတ် ၅ ခရိုင် ရဲဌာနချုပ် ရဲမှူးကြီး ချွန်းထစ်မိုင်ချိုင်းရဲ့ ညွှန်ကြားချက်အရ ချင်းဒေါင်းမြို့နယ်တွင်းရှိ စာသင်ကျောင်းတကျောင်းမှာ ရဲတပ်ဖွဲ့ဝင်တဦးကျ တာဝန်ပေး စောင့်ကြည့်စေပြီးတဲ့နောက် မူးယစ်ဆေးရောင်းချသူတွေကို စုံစမ်းကာ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိရဲအရာရှိတဦးမှ သတင်းထောက်ကို ပြောပါတယ်။ တာဝန်ရှိသူတွေဟာ ချင်းဒေါင်းမြို့နယ် မိုင်းနကျေးရွာအုပ်စုရှိ စာသင်ကျောင်းမှ မူးယစ်ဆေးဝါးသားကောင် ဖြစ်နိုင်ခြေအရွယ် ကျောင်းသား ၅၀ ကို ခေါ်ယူပြီး ဆီးစစ်ကြည့်ရာမှ ၅ ဦးက မူးယစ်ဆေးဝါးသုံးစွဲတာ တွေ့ရှိတာကြောင့် မူးယစ်ဆေးရောင်းသူတွေကို စုံစမ်းခဲ့တာလို့ ဆိုပါတယ်။ သူတို့တတွေဟာ ဂိမ်းစ်ဆော့ကစားတဲ့ ကလေးတွေကို အဓိကထားပြီး စိတ်ကြွဆေးပြား ရောင်းချခဲ့ကြောင်း၊ ညဥ့်နက် ဂိမ်းစ်ကစားတဲ့ ကလေးတွေဟာ အိပ်ရေးပျက်ပြီး ကျေင်းတက်တဲ့အခါ အိပ်ငိုက်တာကြောင့် ကျောင်းမသွားခင် စိတ်ကြွဆေးသောက်ထားရင် တနေကုန် လန်းဆန်းနေမယ်လို့ ညာပြောကာ ရောင်းချခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။ ၁၅ ရက်နေ့က ဖမ်းဆီးခံရသူတွေမှာ မိုင်းနကျေးရွာမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ထုန့်ခေါက်ဖန်းရွာက အမျိုးသား ၁ ဦးတို့ ပါဝင်ပြီး သက်သေခံနဲ့ ဘိန်းဖြူမှုန့်တွေပါ တွေ့ရှိကြောင်း၊ ဆက်လက်ပြီး မူးယစ်ဆေးရယူခဲ့တဲ့ နေရာတွေကို စုံစမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးစွဲတဲ့ ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ ဘယ်စာသင်ကျောင်းကလည်း ဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up