ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် မိုနာကိုနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတို့ မတ်လ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မိုနာကိုက တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ ၈ မိနစ်မှာ Mbappe က ပထမဂိုး၊ ၂၉ မိနစ်မှာ Fabinho က ဒုတိယဂိုးသွင်းပြီး ပထမပိုင်းမှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။
မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းခွင့်မှာတော့ မိုနာကိုက အသာရခဲ့ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာ မန်စီးတီးအတွက် ဆာနေက ချေပဂိုး တဂိုး သွင်းယူပေးခဲ့ပေမယ့် ၇၇ မိနစ်မှာ မိုနာကိုအတွက် အဖိုးတန်ပွဲသိမ်းဂိုးကို Bakayoko က ခေါင်းတိုက်သွင်းယူပေးခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ မိုနာကို အနိုင်ရသွားတာပါ။
ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်စဉ်က မန်စီးတီးက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ ပြန်နိုင်တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုးစီ တူညီပေမယ့် အဝေးဂိုးစည်းမျဉ်းအရ မိုနာကို ကွာတားဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။