Home
မြန်မာသတင်း
ကာကွယ်ရေးအပါဝင် ၀န်ကြီးဌာန ၆ ခု ဘတ်ဂျက်များ မဖြတ်တောက်ရန် လွှတ်တော်အတည်ပြု
ရွှေအောင်
·
March 15, 2017
ကာကွယ်ရေးဝန်ကြီးဌာန အပါအ၀င် ဌာန ၆ ခုရဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ခြင်း မရှိဘဲ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ အစိုးရအသုံးစရိတ် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။ သမ္မတရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးဝန်ကြီးဌာန စတဲ့ အဖွဲ့အစည်း ၆ ခုရဲ့ အသုံးစရိတ်တွေကို အဲ့ဒီအဖွဲ့တွေက တောင်းခံထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်က မဖြတ်မတောက်ဘဲ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက “ပြင်ဆင်ချက်အဆို တင်သွင်းထားခြင်း မရှိတဲ့ ဌာန၊ အဖွဲ့အစည်းများရဲ့ လုပ်ငန်းစီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်း၏ နောက်ဆက်တွဲ ၂ ပါ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်းပြီး စိစစ်လျှော့ချမှု မရှိတဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ကာကွယ်ရေးဝန်ကြီး ဌာန၊တပ်မြို့ စည်ပင်သာယာရေးအဖွဲ့များ အပါအ၀င် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဟိုတယ်နဲ့ ခရီး သွားလာရေးဝန်ကြီးဌာနအပါအ၀င် ပြင်ဆင်ချက်အဆို တင်သွင်းထားခြင်း မရှိတဲ့ ဌာန၊ အဖွဲ့အစည်း အသီးသီးရဲ့ စီမံကိန်းလုပ်ငန်းများသည် မူလ အဆိုပြုချက်အတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်သင့်သည်”လို့ ပြောပြီး လွှတ်တော်ရဲ့ သဘောတူညီချက်ရယူခဲ့ပါတယ်။ ဒီတကြိမ်ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဓိက လုပ်ငန်းတာဝန်တခုဖြစ်တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုပေးလိုက်နိုင်တာဖြစ်ပြီး လွှတ်တော်ရဲ့ အသုံးစရိတ် ဖြတ်တောက်တာတွေကို အစိုးရဌာနတွေကလည်း သဘောတူခဲ့ ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024