Home
မြန်မာသတင်း
သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးရန် လွှတ်တော်မဲခွဲဆုံးဖြတ်
DVB
·
March 14, 2017
  အမည်ပေးရေးကိစ္စ အငြင်းပွားနေတဲ့ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား အမည်ကို ပြည်သူ့လွှတ်တော်မှာ မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ပေါင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း တင်သွင်းထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်မှာ ထိုးထားတဲ့ တံတားအမည်ကို အမျိုးသားခေါင်းဆောင် “ဗိုလ်ချုပ်အောင်ဆန်း” အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့ အဆိုဆွေးနွေခဲ့ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး  ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေရှိသလို၊ ကန့်ကွက်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်းရှိခဲ့တာကြောင့်  လွှတ်တော်အတွင်း စက်ခလုပ်နှိပ်မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲအရေအတွက်များတဲ့အတွက် သံလွင်မြစ်ကူးတံတား အမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ အဆိုပါတံတားအမည်ပေးရေးအတွက် မွန်ပြည်နယ်အတွင်းနေထိုင်တဲ့ ပြည်သူတွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့အတွက် ပြည်သူ့တွေရဲ့ ဆန္ဒကိုအလေးထားဆောင်ရွက်ဖို့၊ လွတ်တော်အင်အားအသုံးပြုပြီး အတည်ပြုလိုက်တာဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောပါတယ်။ ဒါ့ပြင် လွှတ်တော်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရလည်း ကိုက်ညီမှုမရှိဘူးလို့လည်း ထောက်ပြပြောဆိုခဲ့သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာဟာ   “နိုင်ငံတကာမှာ အင်မတန်လည်း ရှက်စရာကောင်းပါတယ်။ ကျနော်တို့  မြန်မာတွေချင်းချင်း ဒီလောက်တောင် သဘောထားသေးသိမ်ကြသလား”လို့ မေးခွန်းထုတ်သွားပါတယ်။ အဆိုရှင်ကတော့ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်မှာ ထိုးထားတဲ့ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းအမည်မှည့်ခေါ်တာဟာ တံတားတစ်စင်းအတွက်မဟုတ်ဘဲ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအတွက်ပါ အရေးပါတယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ်အချို့ကလည်း အလားတူ သဘောထားမျိုး လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရေး အဆိုနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကိုယ်စားလှယ်တစ်ဦးကတော့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ တင်ပြဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ထောက်ခံ၊ ကန့်ကွက်တာမျိုး မရှိဘဲ ကြားနေအဖြစ်သာ ဆန္ဒပြုခဲ့တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024