သားငယ်ကို နှင်းကျားသစ်တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးခဲ့သည့် တိဘက်နွားရိုင်းမကြီး (ရုပ်သံ)

တိဘက်နွားရိုင်းတွေဟာ အာရှအလယ်ပိုင်း ဟိမဝန္တာတောင်တန်းဒေသ၊ တိဘက်ကုန်းမြင့်ဒေသကအစ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ရုရှားနဲ့ မွန်ဂိုလီးယားနိုင်ငံတွေမှာ ကျင်လည်ကျက်စားလေ့ ရှိကြပါတယ်။ အမွေးထူထူတွေ ဖုံးအုပ်ထားပြီး သန်မာတဲ့ ခြေလက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရွယ်ရောက်ပြီး နွားရိုင်းတကောင်ဟာ ကိုယ်အလေးချိန် ၁၀၀၀ ကီလိုဂရမ်ထိ ရှိနိုင်ပါတယ်။ အုပ်စုဖွဲ့ နေထိုင်သွားလာလေ့ရှိတဲ့ တိဘက်နွားရိုင်းတွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သားငယ်ကို နှင်းကျားသစ်တကောင်ရဲ့ တိုက်ခိုက်မှုရန်ကနေ ကာကွယ်ပေးခဲ့တဲ့ မိခင် တိဘက်နွားရိုင်းမကြီးရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို တွေ့ရမှာပါ။ နှင်းကျားသစ်ဟာ သူ့အဖော်နဲ့ အတူရှိနေခဲ့တာဖြစ်ပြီး တိဘက်နွားရိုင်းအုပ်စု ဖြတ်သွားတာကို မြင်လိုက်ရချိန်မှာ နွားရိုင်းပေါက်ကလေးကို လိုက်ဆွဲခဲ့တာပါ။ သူဟာ နွားရိုင်းကလေးရဲ့လည်ပင်းကို ကိုက်ဆွဲထားခဲ့ပြီး အုပ်စုကြား ဝရုန်းသုန်းကား အခြေအနေနဲ့ ရှိနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ မိခင်နွားရိုင်းမကြီးဟာ သားငယ်ကို ကျားသစ်ရန်ကလွတ်စေဖို့ ဦးချိုနဲ့ ဝှေ့လိုက် တွန်းတိုက်လိုက်နဲ့ ကြိုးစားနေခဲ့ရတာပါ။ သူတို့ဘေးမှာတော့ တခြား အဖော်နွားရိုင်းတွေလည်း ရှိနေခဲ့ကြတာဖြစ်ပြီး အချိန်အတော်ကြာမှာတော့ မိခင်နွားရိုင်းမကြီးဟာ သားငယ်ကို ကိုက်ခဲထားတဲ့ ကျားသစ်ကို ဦးချိုနဲ့ ကော်ထုတ်ပြီး မောင်းထုတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up