မြောက်ကိုရီးယားတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၉ ဦးလွတ်မြောက်ရေး ညှိနှိုင်းနေ

ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးအနီးတွေ့ရသည့် မလေးရဲတပ်ဖွဲ့ဝင် ၂ ဦး။ (ဓာတ်ပုံ - အီးပီအေ)
နိုင်ငံရေးအရှုပ်အထွေးကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၉ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းနေမှုတွေ ဆက်လုပ်နေတယ်လို့ မလေးရှား ဒု-ဝန်ကြီးချုပ်က မတ် ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှား ဒု-ဝန်ကြီးချုပ် အာမက် ဟာမီဒီက မြောက်ကိုရီးယားနဲ့ ဆက်လက်ဆွေးနွေးနေပြီး ကျနော်တို့ရဲ့ ပထမဦးစားပေးကတော့ ပြုံယမ်းမှာရှိနေတဲ့ မလေးရှား ၉ ဦးရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။ ဒီနောက် ဆက်ပြီး "အခုချိန်ထိ ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဘက်က တရားဝင် တောင်းဆိုတာမျိုး မရှိသေးပါဘူး။ မိသားစုဘက်က တောင်းရင်တောင်မှ ရုပ်အလောင်းကို ပြန်လွှဲပေးဖို့အတွက် ကျနော်တို့အနေနဲ့ ရှေ့နေချုပ်ရုံးရဲ့ ခွင့်ပြုချက်ရယူဖို့ လိုပါတယ်" လို့ မလေးရှားဒု-ဝန်ကြီးချုပ်က ရှင်းပြသွားပါတယ်။ ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရက ပြုံယမ်းမှာရှိတဲ့ မလေးသံအမတ်ကို ပြန်ခေါ်ခဲ့သလို ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရက ပြုံယမ်းမှာရှိတဲ့ မလေးရှား နိုင်ငံသားတွေကို တိုင်းပြည်ကနေ ထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up