နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုအခြေအနေ သတင်းတင်ပြချက်
DVB
·
January 3, 2012
ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦး လျှော့ရက်နဲ့ လွတ်မြောက်
မင်းလွင်
မန္တးလေး အိုးဘိုးအကျဉ်းထောင်ထဲကနေ ဒီကနေ့ အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးတဲ့ အထဲမှာ မြန်မာအစိုးရနဲ့ အပစ်ခတ် ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ဗဟိုကော်မတီဝင် တဦး အပါအ၀င် စုစုပေါင်း ၁၀ ဦးလည်း လွတ်မြောက်လာတယ်လို့ ကယန်းပြည်သစ်ပါတီက အတည်ပြုပြောပါတယ်။
လွတ်မြောက်လာခဲ့တဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောလွင်ဟာ ၂၀၀၇ ခုနှစ်က ကယန်းပြည်သစ်ပါတီရဲ့ ရမည်းသင်းမြို့နယ်အတွင်းက စိးပွားရေးလုပ်ငန်းတွေ သွားရောက် စစ်ဆေးနေစဉ်မှာ တပ်ခွဲမှုး အပါအ၀င် ၉ ဦးနဲ့ အဖမ်းခံခဲ့ပြီးနောက် လက်နက်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။
အခုလို့ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောလွင်နဲ့ ပါတီဝင်တွေ ပြန်လည် လွတ်မြောက်လာတာဟာ ကယန်းပြည်သစ်ပါတီအတွက် အင်းအားတရပ် ဖြစ်စေတယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးကဒီဂေါ်ရီက ပြောပါတယ်။
“ကျနော်တို့ လူပြန်လွတ်လာတာကိုတော့ အများကြီး ၀မ်းသာတယ်။ နောက် ကျနော်တို့အတွက် အင်အားတခုလည်း ဖြစ်တာပေါ့။ နောက်ဆုံးတော့ ကျနော်တို့လူတွေကို သတ်မှတ်ထားတဲ့ ရက်မပြည့်ခင်မှာ လျော့ရက်နဲ့ ပြန်လွှတ်ပေးတဲ့ လက်ရှိအစိုးရသစ်ကို ကျေးဇူးတင်ကြောင်း အဲဒါပဲပြောချင်ပါတယ်။”
ဗိုလ်မှူးစောလွင်တို့ ထောင်ဒဏ်ကျခံရစဉ်ကတည်းက ကယန်းပြည်သစ်ပါတီ အနေနဲ့ အသနားခံစာတင်ပေမယ် မရရှိခဲ့ဘဲ အခုလို နှစ်ပြည်ခါနီးမှာ သမ္မတဦးသိန်းစိန် လျှော့ရက်နဲ့ ပြန်လည်လွတ်မြောက်ခဲပါတယ်။
ကယန်းပြည်သစ်ပါတီဟာ အခု ချိန်အထိတော့ ပြည်ထောင်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို လုပ်ထားပြီး ဒေသဖွံဖြိုးရေးတွေကို ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကယန်းပြည်သစ်ပါတီ ဦးကဒီဂေါ်ရီက ပြောပါတယ်။
မော်လမြိုင်ထောင်
မော်လမြိုင်ထောင်မှာတော့ အကျဉ်းသား ၆၂ ဦး လွှတ်ပေးခဲ့ရမှာ ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအထိ နိုင်ငံရေးအကျဉ်းသား ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။
၁၉၉၉ ခုနှစ်ကတည်း ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အမျိုးသားဒီမိုကစီအဖွဲ့ချုပ် ဗဟိုလူငယ်က ကိုကျော်မင်းနိုင်နဲ့ ရခိုင်တပ်မတော်က ဦးဝင်းအောင် ခေါ် ရခိုင်ကြီးတို့ ပါဝင်ပါတယ်။
အဖွဲ့ချုပ်က တာဝန်ပေးရင် အဖွဲ့ချုပ်တာဝန် ဆက်လက်ထမ်းဆောင်ပြီး ကျန်ရှိနေသေးတဲ့ နီုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို ဆက်လုပ်သွားမယ်လို့ ကိုကျော်မင်းနိုင်က ပြောပါတယ်။
ကော့သောင်းထောင်
ကော့သောင်းထောင်မှာ အကျဉ်းသား ၇၃ ဦး လွတ်မြောက်ပေမယ့် နိုင်ငံရေးအကျဉ်းသား မပါကြောင်း ကော့သောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောပါတယ်။
ကော့သောင်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချို၊ ကိုဇော်မင်းဌေး၊ ကိုအောင်မျိုးပိုင်နဲ့ ကိုမျိုးမင်း ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။
သရက်ထောင်
၂၀၀၇ ပခုက္ကူ စီတန်းလမ်းလျှောက်ပွဲနဲ့ သရက်ထောင်မှာ ဆက်စပ် ဖမ်းဆီးထောင်ချထားတဲ့ ဦးသန့်ရှင်း ပြန်လည် လွတ်မြောက်လာပြီး သူ့မိသားစုက အောင်လံမြို့မှာ သွားရောက် ကြိုဆိုနေတယ်လို့ မိတ်ဆွေတွေက ပြောပါတယ်။
မုံရွာထောင်
မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးရှိတဲ့အနက် ဒီကနေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသား တယောက်မှ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘူးလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။
မြိတ်ထောင်
မြိတ်ထောင်မှာတော့ အကျဉ်းသားအားလုံး ၆၉ ဦး လွတ်မြောက်လာပြီး ၅ (ည) နဲ့ အကျဉ်းကျခံရတဲ့ မိထ္တီလာမြို့က ကိုရဲညွန့် လွတ်မြောက်လာပြီး ပုဒ်မ ၁၃ -၁ နဲ့ အကျခံရတဲ့ စမ်းချောင်းမြို့နယ် အဖွဲ့ချုပ်ဝင် ကိုထွန်းဝင်း လွတ်မြောက်လာခဲ့ပါတယ်။
တနင်္သာရီမြို့နယ်က ပုဒ်မ ၁၇ -၁ နဲ့ ချမှတ်ခံထားရတဲ့ ကိုမြတ်စိုးနဲ့ ကိုမင်းမင်းထွန်းလည်း လွတ်မြောက်လာပါတယ်။ လက်ရှိ မြိတ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုကျော်စွာဝင်းအောင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်ဌေး ခေါ် ကိုမာကီး ကျန်ရှိနေပါသေးတယ်။
မန္တလေးထောင်
မန္တလေး အိုးဘိုထောင်ကနေ ဒီကနေ့ အမျိုးသမီး ၈၉ ဦးအပါအဝင် အကျဉ်းသား ၁၈၃ ဦးလွတ်မြောက်ရာမှာ ၁၀ ဦးဟာ ကယန်းပြည်သစ် ပါတီဝင်တွေဖြစ်ပြီး ၁၀ နှစ်ဆီ ကျနေတာဖြစ်ပါတယ်။ သူတို့ ၁၀ ဦးကို နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ရက် (မန္တလေးတိုင်း) က တဦးကို ဘတ်တသောင်းနှုန်း ပေးအပ် လှူဒါန်းလိုက်တယ်လို့ ကွန်ရက်တာဝန်ရှိသူ တဦးက ပြောပါတယ်။
သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦးမှ မလွတ်
အေးနိုင်
မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီ
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကနေ အကျဉ်းသား ၈၉ ဦးကို ပြန်လွှတ်ပေးမယ်လို့ စာရင်းထွက်နေပြီး အဲဒီစာရင်းထဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျသူ တဦးတယောက်မှ မပါဝင်ဘူးလို့ ထောင်ရှေ့သွားစောင့်ကြည့်သူက ပြောပါတယ်။
“၈၉ ယောက်မှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘဲနဲ့ ရိုးရိုးအမှုက ၈၄ယောက် ထောက်လှမ်းရေးက ၅ယောက်ပေါ့။ လွှတ်တော့မလွှတ်သေးဘူး။ ခဏနေရင် လွှတ်မယ် ပြောတယ်။ ၁နာရီထဲက လွှတ်မယ်ပြောတာ ၂ နာရီခွဲ ၃ နာရီပေါ့ ခု။”
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရှိနေတယ်လို့ ဆိုပါတယ်။
တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၆ ဦး လွတ်မြောက်
အေးနိုင်
မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီ
ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကနေ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွှတ်ပေးမယ့် စာရင်းမှာ စုစုပေါင်း ၉၇ ဦး စာရင်းပေါက်နေပြီး အခု အသုတ်လိုက် ပြန်လည်လွတ်မြောက်လာသူထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။
[caption id="attachment_19509" align="alignright" width="300" caption="တောင်ငူအကျဉ်းထောင်"][/caption]
အဲဒီ ၆ ဦးဟာ နယ်စပ်ဖြတ်ကျော်မှုလို ပုဒ်မတွေနဲ့ ထောင်ကျနေတာလို့ စောင့်ကြည့်သူ ဒေသခံ တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
အဲဒီ ၆ ဦးအပြင် ၁၉၈၉ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ထောင် ၃၂ နှစ်ကျခံနေရတဲ့ အကြီးကောင်ခေါ် ကိုခင်မောင်ညွန့်လည်းပါတယ်လို့ ဆိုပါတယ်။
တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ နဲ့ ၆၀ အကြား ရှိနေတယ်လို့ ဆိုပါတယ်။
မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦးမှ မလွတ်
အေးနိုင်
မြန်မာစံတော်ချိန် မွန်းလွဲ ၁း၃၀ နာရီ
မန္တလေးအိုးဘိုအကျဉ်းထောင်က အကျဉ်းသား ၇၀ ကို ပထမတသုတ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းမှာ လွှတ်ပေးလိုက်ပါတယ်။
[caption id="attachment_19493" align="alignright" width="300" caption="အိုးဘိုထောင်"][/caption]
ပြန်လွတ်လာသူအမျိုးသမီးတဦးက သူအပါအဝင် အယောက် ၇၀ ကို မွန်းလွဲမှာ လွှတ်ပေးပြီး ညနေပိုင်းကျရင် နောက်ထပ် အမျိုးသမီး ၁၉ ဦး လွှတ်ပေးမယ်လို့ သိရကြောင်း ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူးလို့ မိုးလင်းကတည်းက ထောင်ရှေ့ သွားစောင့်နေတဲ့ နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ရက် (မန္တလေးတိုင်း) တာဝန်ရှိသူ ဦးကိုလေးက ပြောပါတယ်။
ဦးကိုလေး အဆိုအရ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ပါရှိလာတော့မယ်လို့ မထင်တော့ကြောင်း၊ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးထဲကဆိုရင် မုံရွာဇာတိ နိုင်ငံရေးအကျဉ်းသား မတင်မာဆွေတယောက်သာ ရှိတဲ့အကြောင်း ပြောပါတယ်။ မတင်မာဆွေဟာ သမ္မတ လျှော့ပေါ့ပြစ်ဒဏ်အရ ပြန်လွတ်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။
အင်းစိန်ထောင်မှ အကျဉ်းသား ၂၀၀ လွတ်၊ နိုင်ငံရေးအကျဉ်းသား ၃ ဦးပါ
အေးနိုင်
မြန်မာစံတော်ချိန် နံနက် ၁၂း၁၅ နာရီ
သမ္မတထုတ်ပြန်တဲ့ လွတ်လပ်ရေးနေ့အကြို လွတ်ငြိမ်းချမ်းသာခွင့်အရ ရန်ကုန် အင်းစိန်ထောင်ကနေ အကျဉ်းသား ၂၀၀ လောက် လွတ်မြောက်လာရာမှာ နိုင်ငံရေးအကျဉ်းသား သုံးဦးပါဝင်ပါတယ်။
အဲဒီသုံးဦးကတော့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ဦးကြည်သန်း၊ မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုသန်းနိုင်ဦးနဲ့ ကယန်းလက်နက်ကိုင်အဖွဲ့တခုက စေးကလယ်ရယ် သုံးဦးပဲ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီသုံးဦးထဲမှာ ဆရာ ဦးကြည်သန်း (ခေါ်) ကိုကြီးသန်းဟာ ထောင်ဒဏ် ကိုးနှစ်ခွဲချမှတ်ခံရရာက လေးနှစ် အယူခံနိုင်တဲ့အတွက် ငါးနှစ်ခွဲကျန်ပြီး ဒီကနေ့ လွတ်ရက်စေ့ပါတယ်။ ဒါပေမယ့် ထောင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့စာရင်းထဲ ထည့်ထားတယ်လို့ဦးကြည်သန်းက ပြောပါတယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှာတော့ မြန်မာစံတော်ချိန် မနက် ၁၁း၁၅ နာရီ အထိ မလွှတ်ပေးသေးပါဘူး။
တောင်ငူထောင်ဘက်မှာတော့ သမ္မတကလွတ်ငြိမ်းချမ်းသာခွင့်ဆိုပေမယ့် လျော့ပေါ့ပေးတာဖြစ်နေတဲ့အတွက် အခုမှ စာရင်းတွက်နေတုန်းပဲလို့ စောင့်ကြည့်အကဲခတ်တွေက ပြောပါတယ်။
ဦးကြည်သန်း လွတ်မြောက်
အေးနိုင်
မြန်မာစံတော်ချိန် နံနက် ၁၁း၀၅ နာရီ
[caption id="attachment_19497" align="alignright" width="300" caption="အင်းစိန်အကျဉ်းထောင်"][/caption]
ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ဆရာ ဦးကြည်သန်းဟာ ဒီကနေ့
အင်းစိန်ထောင်က ပြန်လွတ်လာပါတယ်။
ဦးကြည်သန်းနှင့် မေးမြန်းချက်
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တာလား။ နှစ်စေ့လို့ လွတ်တာလား။
“ကျနော်က ဒီနေ့လွတ်ရက်စေ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တုန်းကလည်း ပါပါတယ်။”
လွတ်ငြိမ်းချမ်းသာထဲမှာလည်း ပါတယ်။ လွတ်ရက်လည်းစေ့တယ်ပေါ့။ ၈၈ မျိုးဆက်ထဲက ကိုပေါ်တို့၊ ကိုကိုကြီးတို့သတင်းကော ဘာကြားသေးလဲ။
“အထဲမှာဆိုတော့ မကြားပါဘူး။ သူတို့ကျန်းမာရေး ကောင်းအောင်ပဲ ဆုတောင်းပေးနေရတယ်။ သူတို့လက်ရှိအနေအထားအရ သူတို့မူဝါဒအရပဲ ဆက်သွားဖို့ ရှိပါတယ်။”
ထောင်ထဲမှာ ဂျာနယ်တွေဘာတွေ ဖတ်ရတော့ ပြည်ပမှာရှိတဲ့ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုမျိုးသုံးသပ်လဲ။
“သနပ်ခါးလူနေတဲ့ အဆင့်လို့ သတ်မှတ်ပါတယ်။ ဒီကိစ္စက ၈၈ တွေ တောင်းဆိုထားတဲ့ကိစ္စတွေ၊ ၈၈ တွေက နဂိုကတည်းက ၂၀၀၅ ထောင်က ထွက်လာပြီးတဲ့အချိန်က စပြီး မြန်မာပြည်မှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ကျနော်တို့လည်း ခင်များတို့အပေါ်မှာ ရန်အာဃာတတွေ မထားဘူး။ အခုလည်း ကျနော်တို့ ၈၈ အားလုံးက အာဃာတမထားဘူး။ ဆွေးနွေးကြပါ။ ရလာဒ်တခုကို ဆွေးနွေးကြပါ။ အန်အယ်လ်ဒီကလည်း ဆွေးနွေးပါ။ နအဖဘက်ကလည်း ဆွေးနွေးပါ။ တကယ်လို့ ဆွေးနွေးလို့ တူတာလေးတွေထွက်လာရင် တူတာလေးတွေကို ဝိုင်းလုပ်ကြမယ်။ မတူတာတွေကို ခနလေး ဘေးဖယ်ထားမယ်။ အဲဒီမူဝါဒအတိုင်း ကိုင်ဆွဲပြီးတော့ အန်အယ်လ်ဒီကို ကျနော်တို့ ဝိုင်းရံခဲ့တာပါ။ ဒါလည်း ခေါင်းဆောင်တွေ သိပါတယ်။”
ဦးကြည်သန်းတို့ ဆောင်ရွက်ချက်တွေက အခုဆိုရင် နည်းနည်း ရှေ့ကိုသွားနေပြီလို့ ပြောလို့မရဘူးလား။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် စကားတွေဘာတွေ ပြောပြီးပြီ။
“လွှတ်တော်ထဲမှာ ကျနော်တို့လည်းဝန်ခံထားပါတယ်။ လွှတ်တော်ထဲမှာ အယောက် ၆၀ ရှိလို့ရှိရင် ၂ဝက သဘောထားတင်းမာတယ်။ ၂၀ ကတော့ ကျနော်တို့ဘက်မှာရှိနေတယ်။ အဲဒီသဘောမျိုး။ ဒါက ကျနော်တို့ကတော့ အကောင်းမြင်ပါတယ်။ ကျနော်တို့ ထောင်ထဲထိ အများကြီးနေခဲ့ဖူးပြီ။ ၈၈ တုန်းကလည်း နေခဲ့တယ်။ အခုလည်း နေခဲ့ဘူးတယ်။ အများကြီးပဲ ဖြတ်သန်းခဲ့ဘူးပြီဆိုတော့ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ကာလမှာ ယခုလို မီဒီယာကဏ္ဍတွေကလည်း ပွင့်လင်းလာတယ်ဆိုတော့ အများကြီး မျှော်လင့်ပါတယ်။ ဖြစ်တယ်မဖြစ်ဘူးဆိုတာ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ဘက်က ထိုင်ပြီးစောင့်ကြည့်နေမှာမဟုတ်ဘူး။ ကျနော်တို့က အမြဲတမ်း လက်ရှိသမ္မတကြီး ဦးသိန်းစိန်နဲ့ တောင်းဆိုနေမှာပါ။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို တင်ပြနေမှာပါ။”
၈၈ မျိုးဆက် အားလုံး ၃၇ ယောက်မှာ ပထမ ဦးကြည်သန်းတို့က ၁၃ ယောက်တအုပ်စု၊ ကျန်တဲ့ ၂၇ ယောက်ကတော့ ကျိန်းသေတယ် မလွတ်ဘူးဆိုတော့ အဲဒီလူတွေက ရှစ်လေးလုံးကာလက ဒီမိုကရေစီ တောင်းဆိုတာ မဟုတ်ဘူးလား။ အခုသမ္မတကလည်း ဒီမိုကရေစီ သွားမယ်ဆိုတော့ သူတို့ချင်း သဘောထားမတိုက်ဆိုင်ဘူးလား။ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်လိုမြင်လဲ။
“အခုက မာရှယ်လောနဲ့ဖမ်းတာလေ။ တပ်မတော်အစိုးရကဖမ်းတာ။ ခုနပြောတဲ့ထဲမှာ ပါသွားတယ်လေ။ လက်ရှိ ဦးသိန်းစိန်တို့ကလည်း ဒီမိုကရေစီကို သွားနေတယ်။ အန်အယ်ဒီအပါအဝင် ကျနော်တို့ ၈၈ ကလည်း အာဃာတမထားပါဘူး။ ဒီမိုကရေစီကိုပဲ သွားမှာပါ။ ဒီမက်ဆေ့ကလေးကို ရောက်အောင်ပို့ပေးနိုင်မယ်ဆိုရင် ကျနော်တို့လည်း အမြဲတမ်းပို့နေမှာပဲ။ ဒီထက်ပိုပြီး အခြေအနေကောင်းမယ်လို့ မျှော်လင့်တယ်ဆိုတာ အဲဒါကိုပြောတာပါ။”
လုပ်ဖော်ကိုင်ဖက်တွေ အများကြီးကျန်ခဲ့တယ်။ သံဃာ့ခေါင်းဆောင်တွေလည်းကျန်တယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ဦးကြည်သန်းဆီက ထင်မြင်ချက်တောင်းမယ်ဆိုရင် ဘယ်လိုပြောပြနိုင်မလဲ။
“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ အင်မတန်နည်းပါတယ်။ လက်ရှိ အင်းစိန်ထောင်မှာ သာမန်သီးသန့် ၃ ယောက် လွှတ်တယ်လို့ ညွှန်မှူးက ပြောပါတယ်။ နိုင်ငံရေသမားအရဆိုရင် မန္တလေးက ၁ ယောက်၊ ၈၈ က ၂ ယောက်ပဲ လွတ်တယ်လို့ ကြားရတယ်။ အင်မတန်နည်းပါတယ်။ အခုလွှတ်ပေးဖို့ သမ္မတကြီးကိုလည်း တောင်းဆိုပါတယ်။”
မန္တလေး အိုးဘိုထောင်ရှေ့ အကျဉ်းသားမိသားစု ၂၀၀ ခန့် စောင့်ဆိုင်း
အေးနိုင်
မြန်မာစံတော်ချိန် ၉း၃၀ နာရီ
ဇန်နဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လွတ်လာသူစာရင်းထဲမှာ ကိုယ့်မိသားစုအသိုင်းအဝိုင်းထဲက ပါလာမလားဆိုပြီး မန္တလေး အိုးဘိုထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ လူ ၂၀၀ ခန့် စောင့်ဆိုင်းနေတယ်လို့ ထောင်ရှေ့ရောက်နေသူတဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများလူမှုကူညီရေးကွန်ရက် (မန္တလေးတိုင်း) က တာဝန်ရှိသူ ဦးကိုလေးက နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ပါမယ်ဆိုတဲ့ အသံထွက်နေတယ်လို့ ပြောပါတယ်။
အင်းစိန်ထောင်ရှေ့ လုံခြုံရေးများ ထူထပ်စွာချထား
အေးနိုင်
မြန်မာစံတော်ချိန် နံနက် ၈း၁၅ နာရီ
[caption id="attachment_16292" align="alignright" width="300" caption="အင်းစိန်အကျဉ်းထောင်"][/caption]
ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့မှာ လုံခြုံရေးထူထူထပ်ထပ်ချထားတာ မြင်တွေ့ရတယ်လို့ ထောင်ရှေ့ရောက်နေသူတဦးက ပြောပါတယ်။
“အင်းစိန်ထောင်ရှေ့အခြေအနေကတော့ ရဲကားတွေ လုံခြုံရေးကားတွေက အပြည့်ပဲ။ သတင်းထောက်တွေလည်း တချို့တဝက်တော့ ရောက်နေပြီ။ စောင့်တဲ့လူကတော့ ၃၀-၄၀ လောက်ပဲရှိသေးတယ်။ အခုချိန်ထိ ဘာမှလှုပ်ရှားမှု မရှိသေးဘူး။”
ရှစ်ဆယ့်ရှစ်မျိုးဆက် ဆရာဦးကြည်သန်း လွတ်ရက်စေ့သဖြင့် ဇနီးသည်ကြို
အေးနိုင်
မြန်မာစံတော်ချိန် နံနက် ၈ နာရီ
ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ဆရာ ဦးကြည်သန်းဟာ ဒီကနေ့ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ဇနီးဖြစ်သူ မဝါဝါကျော်က အင်းစိန်ထောင်ရှေ့မှာ လာရောက်ကြိုဆိုနေပါတယ်။
[caption id="attachment_19487" align="alignleft" width="150" caption="ဦးကြည်သန်း"][/caption]
ဦးကြည်သန်းဟာ ၂၀၀၇ ခုအတွင်း လောင်စာဆီဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်လိုက်ပြီးတဲ့ နောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ အဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
ထောင်ဒဏ် ကိုးနှစ်ခွဲချမှတ်ခံရရာက လေးနှစ် အယူခံနိုင်တဲ့အတွက် ငါးနှစ်ခွဲကျန်ပါတယ်။ ဒါကြောင့် ဒီကနေ့ လွတ်ရက်စေ့တဲ့အတွက် လာစောင့်နေတာလို့ မဝါဝါကျော်က ပြောပါတယ်။
“ဒီနေ့က လွတ်ရက်စေ့လို့ လာစောင့်ကြိုနေတာ။ လွတ်ငြိမ်းချမ်းသာနဲ့မဟုတ်ဘူး။ လွတ်ရက်စေ့လို့လွတ်တာ။ အမှန်မှာ လွတ်ရက်စေ့ပြီး သူ့ဟာသူပြန်လာရမယ့်ကိစ္စကို အခုတော့ ပြောတဲ့ဟာတွေ နားထောင်ရဦးမှာပေါ့။ ဩဝါဒပေးတာနားထောင်ရဦးမယ်။ လွတ်ရက်စေ့ရင် နားထောင်စရာမလိုဘူး။ နိုဘယ်လ်အေးရယ်၊ နောက်တယောက် ဘယ်သူလဲမသိဘူး။ သူတို့က ကျန်နေတယ်။”
ဆရာဦးကြည်သန်းဟာ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ၃၇ ဦးနဲ့ အမှုတွဲတတွဲတည်းဖြစ်ပြီး အရင်တကြိမ် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးတုန်းက ကိုကိုကြီး (စမ်းချောင်း) တို့ ပြန်လွတ်မြောက်လာပေမယ့် အင်းစိန်ထောင်တွင်း ကျန်နေရစ်တာလို့ မဝါဝါကျော်က ပြောပါတယ်။