Homeမြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများ ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေး
ညောင်လေးပင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများ ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေး
DVB
·
March 13, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းက ပြွန်တန်ဆာ၊ ပိန်းဇလုပ်၊ မဒေါက်၊ ညောင်လေးးပင် စတဲ့ မြို့ ၄ ခုအတွင်းက တိုင်းရင်းဆေးဝါးများနှင့် နိုင်ငံခြားထုတ် ဆေးဝါးများ ရောင်းချနေတဲ့ ဆေးဆိုင်များကို တရားဝင် ဆေးရောင်းချခွင့်လိုင်စင်ရှိ၊ မရှိ၊ ဆေးဝါးများ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ၊ တရားဝင်ဆေးဝါးများ ဟုတ်၊ မဟုတ်၊ မူးယစ်ဆေးနဲ့ တရားမဝင် ကာမစိတ်ကြွဆေးများ ရောင်းချနေမှု ရှိ၊ မရှိ စတာတွေကို စစ်ဆေးနေတာဖြစ်တယ်လို့ သိရှိရပါတယ်။
ရဲမှူးကိုကိုကြီးက “ကျနော်တို့ နှစ်စဉ်လို အမြဲတမ်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒီနှစ် မတ်လ ဒုတိယအပတ် ၂၀၁၇ ထဲမှာတော့ ဒါဟာ ပထမဦးဆုံး စစ်ဆေးမှုပြုတာပါ။ သင်္ကြန်ကာလလည်း နီးနေတာကြောင့် လူငယ်တွေ မမှားသင့်တာ မမှားအောင်၊ မှုခင်းတွေ ကျဆင်းအောင် မူးယစ်ဆေးဝါးနဲ့ တရားမဝင် ကာမစိတ်ကြွဆေးများ ရောင်းချမှုမရှိအောင် အဓိကရည်ရွယ်ပြီး ဆေးဆိုင်တွေကို မှုခင်းပညာပေးမှုတွေ တရားမဝင် ဆေးဝါးရောင်းချမှုတွေ မပြုလုပ်အောင် အသိပေးဟောပြောမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ဆေးတဲ့နေရာမှာ ပြွန်တန်ဆာမြို့ထဲက ဆေးဆိုင် ၈ ဆိုင်၊ ကွမ်းယာဆိုင် ၂ ဆိုင်၊ မဒေါက်မြို့ထဲက ဆေးဆိုင် ၄ ဆိုင်၊ ကွမ်းယာဆိုင် ၇ ဆိုင်၊ ပိန်းဇလုတ်မြို့ထဲက ဆေးဆိုင် ၇ ဆိုင်၊ ကွမ်းယာဆိုင် ၁၅ ဆိုင်၊ ညောင်လေးပင်မြို့ထဲက ဆေးဆိုင် ၅ ဆိုင်၊ ကွမ်းယာဆိုင် ၄ ဆိုင် တို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ခုလို စစ်ဆေးမှုတွေ ပြုလုပ်တဲ့နေရာမှာ တရားမဝင်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ကာမစိတ်ကြွဆေးဝါးများကို ဖမ်းဆီးရမိခဲ့တာ မရှိခဲ့ဘူးလို့ ညောင်လေးပင်မြို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုကြီးထံမှ သိရပါတယ်။
သတင်း - နေလင်းထိုက်