ရှမ်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်များ စိတ်ဝင်စားမှု နည်းပါးနေ
ကိုမောင်
·
March 13, 2017
ကြားဖြတ်ရွေးကောက်ပွဲ နီးလာပြီဖြစ်ပေမယ့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင်းမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းနေတယ်လို့ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကမ္ဘောဇလူငယ် စာကြည့်တိုက်အဖွဲ့က ပြောပါတယ်။
ပြည်သူတွေ ရွေးကောက်ပွဲပေါ် စိတ်ဝင်စားမှုနည်းပြီး မဲပေးသူ အရေအတွက် သိသိသာသာ လျော့ကျသွားမယ်ဆိုရင် ကြားဖြတ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ထိခိုက်နစ်နာမှုရှိလိမ့်မယ်လို့ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေ လိုက်လံဆောင်ရွက်နေတဲ့ ကိုခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းတောက်ဈေးအတွင်း ဒီဗွီဘီက လိုက်လံမေးမြန်းရာ မှာတော့ အများစုက ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘဲ အနည်းစုကသာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲထည့်မယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာ ပြည်သူတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်လာဖို့ အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေကို မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လိုက်လံပြုလုပ်နေပါတယ်။