Live
Home
မြန်မာသတင်း
ကိုဖုန်းမော်နှင့်  ကိုစိုးနိုင် အောက်မေ့ဖွယ်အခမ်းအနား ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပ
နော်နိုရင်း
·
March 13, 2017
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က လုံထိန်းတပ်ဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကွယ်လွန်ခြင်း ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပပါတယ်။ ဒီအခမ်းအနားကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသူ ကျောင်းသားဟောင်းတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာမှာ ‘အငြင်းပွားမှုကို လက်နက်နည်းနဲ့ ဖြေရှင်းခဲ့ကြရာမှ ဒီလို ဝမ်းနည်းဖွယ်အဖြစ်ဆိုးမျိုးကို ကျောင်းသားထုတရပ်လုံး ပြည်သူတရပ်လုံး ယူကျုံးမရစွာ ကြုံခဲ့၊ ဆုံခဲ့ရတာဖြစ်တယ်'လို့ ဖော်ပြပါ တယ်။ ဒါကြောင့် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ အောက်မေ့ပွဲ ကျင်းပရတာဟာ အတိတ်ရဲ့ သမိုင်းဒဏ်ရာဒဏ်ချက်တွေထဲ ပိတ်လှောင်နေဖို့ မဟုတ်ဘဲ သမိုင်းသင်ခန်းစာယူပြီး နောင်ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မကြုံရအောင် ဖန်တီးကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။ အတိတ်ဆိုးမွေတွေထဲမှ အကောင်းတွေဖြစ်ပေါ်လာစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါးကတည်းက မျှော်မှန်းတောင့်တခဲ့တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ဝိုင်းဝန်းထူထောင်ကြရန်ကြိုးစားကြရမှာပါလို့လည်း တိုက်တွန်းထားပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်နေ လူငယ်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့ ကိစ္စက အစပြုပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကို လုံထိန်းတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာစေဖို့ လတ်တလော အကြောင်းရင်းတွေထဲက တခု ဖြစ်ခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024