မိုးညှင်းမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊ ခရီးသည် ၃ ဦးသေဆုံး
DVB
·
March 13, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီး လွဲခန်းတောင်ခြေအဆင်းကွေ့ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မတ်လ ၁၂ ရက် ညနေ ၄ နာရီခွဲကျော်အချိန်မှာ ယာဉ်တိမ်းမှောက်ခဲ့ပြီး အခင်းဖြစ်နေရာမှာ ၂ ဦး သေဆုံးပြီး ဆေးရုံမှာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
ကသာမြို့အနီး ရွာများမှ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ ဘုရားဖူးသူ ၃၈ ယောက်နဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည်မှာ ၃၉ ယောက်တင်ဆောင်လာတဲ့ ဘုရားဖူးကားဟာ လွဲခန်းတောင်ခြေအဆင်းကွေ့မှာ တိမ်းမှောက်ခဲ့ပြီး ဘုရားဖူးခရီးသည် ၃ ယောက် သေဆုံးခဲ့တာပါ။
သေဆုံးသူတွေဟာ ကသာမြို့နယ် နောင်ပိန်းရွာနေ မောင်ပြည့်စုံအောင် (၁၈-နှစ်)၊ နောင်ပိန်းရွာနေ ဒေါ်ချောပို (၆၀- နှစ်)၊ ကသာ ရွာသစ်ကျေးရွာနေ အောင်ကျော်မင်း (၂၅-နှစ်)တို့ ဖြစ်ပြီး ယာဉ်မောင်းနဲ့ အမျိုးသမီး ၂ ယောက်တို့သာ ထိခိုက်မှုမရှိဘဲ ကျန်ခရီးသည်တွေအားလုံး မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရပါတယ်။
လူသေဆုံးအောင် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းသန့်ဇင်ထွန်းကို အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်မိုးမှ တရားလိုပြုလုပ် တိုင်တန်းပြီး မိုးညှင်းမြို့မရဲစခန်းက ယာဉ်(ပ)၉/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄/က/၃၃၇/၃၃၈ နဲ့ အမှုစစ်အဖြစ် မော်ဟန် ရကစမှူး ရဲအုပ်စိုးဝင်းမှ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း