ကြားဖြတ်ရွေးကောက်ပွဲအတွက် အဖွဲ့ချုပ် ကြေညာချက်ထုတ်ပြန်
DVB
·
January 2, 2012
ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာ ၄၈ နေရာစလုံးကို ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာစလုံးကနေ ဝင်ပြိုင်မှာဖြစ်ပြီးတော့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့များကနေ သက်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်း လျာထားတဲ့ စာရင်းကို ဇန်နဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြို့နယ် ခရိုင်နဲ့ တိုင်းနယ်ပြည်နယ်က တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအောင်နိုင်ရေးအဖွဲ့ကမှ အတည်ပြုပေးမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ကိုယ်စားလှယ်လောင်းတွေမှာ ပါရှိရမယ့် အရည်အချင်းကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“ကိုယ်စားလှယ်လောင်းများ လျာထားရာတွင် (က) ဒီမိုကရေစီရေးကို သစ္စာစောင့်သိသူ၊ (ခ) ပညာအရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံရှိသူ၊ (ဂ) တိုင်းရင်းသားများ၊ (ဃ) အမျိုးသမီးနဲ့ လူငယ်တို့ကို ဦးစားပေးရွေးချယ်ရန် ဖြစ်ပါသည်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ခွင့်ကို ဒီဇင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦး ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး သွားရောက်လျှောက်ထားခဲ့ပေမယ့် အခုထိ အကြောင်းမပြန်သေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။