ဦးခင်ရွှေနှင့် စာနယ်ဇင်းသမားများကိစ္စ ကော်မတီ ရှင်းလင်း
DVB
·
January 2, 2012
အမျိုးသားလွှတ်တော်က ကော်မတီတခုနဲ့ စာနယ်ဇင်းမီဒီယာတွေအကြား လွှတ်တော် အမတ်တဦးကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ အချေအတင် ဆွေးနွေးခဲ့ပြီးနောက် အမျိုးသားလွှတ်တော် တာဝန်ရှိသူတွေက စာနယ်ဇင်းသမားတွေကို ပြန်လည် တောင်းပန်သွားပါတယ်။
အမျိုးသားလွှတ်တော် ပြည်သူသို့ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီက တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းသမားတွေကို မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့ အကြံဥာဏ်တောင်းခံဖို့ ရန်ကုန်တိုင်း ဒေသကြီး ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။
[caption id="attachment_17806" align="alignleft" width="300" caption="ဇေကမ္ဘာဦးခင်ရွှေ"][/caption]
ဒါပေမယ့် ဒီတွေ့ဆုံပွဲမှာ ကော်မတီ ဥက္ကဋ္ဌ နဲ့ လွှတ်တော်အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဦးအောင်ငြိမ်းနှင့် အတွင်းရေးမှူး ဦးရှုမောင်တို့ တက်ရောက်ပြီးတော့ ဆယ်ဂဏန်းနဲ့ ချီတဲ့ မီဒီယာသမားနဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့အကြား အရင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီအကြောင်းကို ဆရာဖေမြင့်က “ကာကွယ်ပြောဆိုတာထက် ဦးခင်ရွှေကိုယ်စား ရှင်းလင်းပြောဆိုတယ်ပေါ့ဗျာ၊ ကျနော်ကတော့ အဲဒီလောက်ပဲ ပြောချင်ပါတယ်။ တချို့က ပြောတာက ဒီကိစ္စဟာ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီးပြောတာ ဖြစ်ပေမယ့် ဦးခင်ရွှေအကြောင်းပြောတာ တော်တော်များတယ်ပေါ့ဗျာ။ ဦးခင်ရွှေ ကိုယ်စား ရှင်းလင်းပြောတာ ဖြစ်နေတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကနေ တဆင့် မပြောဘဲနဲ့ ဦးခင်ရွှေကိုယ်တိုင် သတင်းသမားတွေနဲ့ တွေ့ဆုံရင် ပိုပြီးတော့ အဆင်ပြေမယ်ဆိုတဲ့ သဘောမျိုး ပြောကြတယ်။ ”
အရင်က ဇေကမ္ဘာဦးခင်ရွေက မီဒီယာသမားတွေရဲ့ သိက္ခာကို ထိပါးတဲ့ အပြောအဆိုရှိခဲ့တယ်ဆိုပြီး စာနယ်ဇင်းသမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။
ဒါကို ဦးခင်ရွှေက သဘောရိုးနဲ့ ပြောဆိုတာကို စာနယ်ဇင်းသမားများက နားလည်မှုလွဲမှားခဲ့တယ်လို့ ကော်မတီက သုံးသပ်ခဲ့တဲ့အတွက် အချေအတင် ဆွေးနွေးမှုတွေရှိတယ်လို့လည်း တက်ရောက်တဲ့သူတွေက ပြောပါတယ်။
“ဆွေးနွေးတာကတော့ တော်တော် တန်တန်ပေါ့ဗျာ၊ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး၊ တော်တော်များများတော့ ပြောကြဆိုကြတယ်ဗျ။”
အစည်းအဝေးပြီးခါနီးမှာ ကော်မတီက ဦးခင်ရွှေကိုယ်စား စာနယ်ဇင်းသမားတွေကို တောင်းပန်ခဲ့တယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။