ဆီးရီးယားတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ကျော်သေဆုံး

ဆီးရီးယားနိုင်ငံ၊ ဓမတ်စကပ်မြို့တော်မှာ မတ်လ ၁၁ ရက်နေ့က အီရတ်နိုင်ငံမှ လာရောက်တဲ့ ရှီယာမွတ်စလင်ဘာသာဝင်တွေကို လူနှစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူအယောက် ၄၀ ထက်မနည်း သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ အီရတ်အာဏာပိုင်တွေကပြောဆိုပါတယ်။ ရှီယာမွတ်စလင် ဂူဗိမာန်တခုနား ဘုရားဖူးဘတ်စ်ကားယာဉ်တန်းတွေ ရောက်ရှိလာချိန်မှာ အသေခံဗုံးခွဲသူ ၂ ဦးက ဗုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  အဲ့ဒီတိုက်ခိုက်မှုကို တာဝန်ခံကြေညာတဲ့အဖွဲ့မရှိသေးပါဘူး။ ရှီယာမွတ်စလင်တွေကို ဆွန်နီစစ်သွေးကြွတွေက အခုလို ပစ်မှတ်ထားတိုက်ခိုက်နေကြပေမယ့် ဓမတ်စကပ်မြို့တော်မှာတော့ ဖြစ်ပွားလေ့မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို ရုရှား၊ တူရကီနဲ့ အီရန်နိုင်ငံတို့ ဦးဆောင်အကောင်အထည်ဖော်နေကြပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေတော့ ကြိုးကြားကြိုးကြားဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကြားမှာပဲ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အစိုးရနဲ့ အတိုက်အခံတို့ ၂ ကြိမ်ကျင်းပခဲ့ကြပြီဖြစ်ပြီး နောက်တကြိမ်ဆွေးနွေးပွဲကိုလည်း လာမယ့်တပတ်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ဓမတ်စကပ်မြို့တော်ဟာ သမ္မတအာဆက်ရဲ့ အစိုးရတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် မြို့ပြင်နယ်မြေတွေမှာ ဆီးရီးယားသူပုန်တွေ ရောက်ရှိတပ်စွဲထားကြတာပါ။ ဒီဘတ်စ်ကားယာဉ်တန်း တိုက်ခိုက်မှုကို ဘယ်သူကပဲလုပ်ခဲ့၊ လုပ်ခဲ့ ဒါဟာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up