Homeမြန်မာသတင်း
၂၀၁၂ မှာ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး NLD ဦးစားပေးလုပ်မည်
၂၀၁၂ မှာ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး NLD ဦးစားပေးလုပ်မည်
ပီတာအောင်
·
January 1, 2012
မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၂ ခုနှစ်မှာ အလေးထား ဆောင်ရွက်မယ့် ကိစ္စ ၃ ရပ်ကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ ဦးစားပေးလုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီဗွီဘီကနေတဆင့် မြန်မာပြည်သူတွေကို ၂၀၁၂ ခုနှစ် အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ခုလို ထည့်သွင်း ပြောဆိုလိုက်တာပါ။
“ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစားပေး လုပ်မယ့် လုပ်ငန်းတွေက ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာ ပြင်သင့်တာတွေကို ပြင်ဖို့ အရေးတွေကို ကျမတို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘာဖြစ်လို့ ရွေးရတယ်ဆိုတာ ထူးထူးထွေထွေ ပြောဖို့ မလိုပါဘူး။ ငြိမ်းချမ်းရေး ပတ်သက်လို့လည်း ကျမ အရင်တလောက ရှင်းပြဖူးပါတယ်။ ငြိမ်းချမ်းရေးကို ရိုးရိုးလေး မြင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အိပ်နိုးချမ်းသာပေါ့။ အိပ်တဲ့အခါကျရင် စိတ်ချမ်းချမ်းသာသာနဲ့ လုံလုံခြုံခြုံနဲ့ အိပ်ရာဝင်နိုင်ရမယ်။ နိုးတဲ့အခါကျရင်လည်း နေ့သစ်ကို ရင်ဆိုင်ဖို့ရာအတွက် စိတ်ချမ်းချမ်းသာသာနဲ့ လုံလုံခြုံခြုံ ရှိနိုင်ရမယ်။ အဲ့တော့ ဒီလိုပဲ ကျမတို့ရဲ့ နှစ်ဟောင်းကြီးဟာ အိပ်သွားပြီးတော့ နှစ်သစ်ကြီး နိုးလာတဲ့အချိန်မှာ ကျမတို့ နှစ်သစ်ကို စိတ်အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံနဲ့ ပြည်သူပြည်သားတွေကို ရင်ဆိုင်နိုင်စေချင်တယ်။ ဒါကြောင့် ကျမတို့က ပြည်တွင်း ငြိမ်းချမ်းရေးကို ပထမ အရေးကြီးဆုံးပဲလို့ ပြောတာ ဖြစ်ပါတယ်။”
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေမှာပါတဲ့ တိုင်းပြည်ကို အကျိုးမပြုနိုင်မယ့် အချက်အလက်တွေကို ပြည်သူလူထုအများစုရဲ့ အမြင်နဲ့ ညှိနှိုင်းပြီး ပြင်ဆင်နိုင်အောင် ကြိုးစားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောပါတယ်။
“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ကျမတို့ တိုင်းပြည်ကို အကျိုးမပြုနိုင်မယ့် အချက်အလက်တွေကို ပြင်သင့်တာတွေ ပြင်ရမယ်လို့ ကျမတို့ စဉ်းစားထားပါတယ်။ တဘက်ကနေ ပြန်ပြီး ကြည့်လိုက်လို့ရှိရင်လည်း တိုင်းပြည်အတွက် ပိုပြီး အကျိုးပြုနိုင်အောင် ပြင်သင့်တာတွေကို ပြင်ရမယ်လို့ ကျမတို့စိတ်ထားတာ ဖြစ်ပါတယ်။ အဲဒီတော့ တချို့က မေးပါတယ်။ ဘာတွေကို ပြင်ဖို့ စဉ်းစားထားလဲ။ ဘာတွေက တိုင်းပြည်ကို အကျိုးမပြုဘူးလို့ ထင်သလဲ။ ဘယ်လို ပြင်ရင် တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်မလဲလို့ မေးမြန်းတဲ့သူတွေ ရှိပါလိမ့်မယ်။ အဲဒီအဖြေတွေကို တယောက်ချင်း၊ အဖွဲ့တခုတည်းက အဖြေရှာလို့ မဖြစ်ပါဘူး။ ကျမတို့ အမြင်ကို ပြည်သူလူထု အများစုရဲ့ အမြင်နဲ့ ညှိယူရမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံမှာ ရှိတဲ့ အဖွဲ့အသီးသီး၊ အလွှာအသီးသီးရဲ့ အမြင်ကို ညှိယူရမှာ ဖြစ်ပါတယ်။ ဒီလို ညှိယူမှသာလျှင် တကယ့်ကို ပြည်သူပြည်သားအားလုံးက ယုံကြည်လေးစားတဲ့ အချက်အလက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါလာနိုင်တယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရေးဆိုတဲ့ အခြေခံမူ အပါအဝင် ဒီမိုကရေစီမကျတဲ့ အချက်တွေကို လက်မခံကြောင်း အရင်က အတိအလင်း ကြေညာခဲ့ဖူးပြီး ရွေးကောက်ပွဲ ဥပဒေတွေကိုလည်း လက်မခံနိုင်လို့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲဥပဒေပါ အချက်တချို့ကို အစိုးရက ပြန်လည် ပြင်ဆင်ပေးခဲ့ပြီးနောက်မှာ အန်အယ်လ်ဒီက ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲတွေမှာ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမယ့် အန်အယ်လ်ဒီပါတီကိုတော့ ခုချိန်ထိ ပါတီမှတ်ပုံတင် ခွင့်ပြုချက် ချပေးခြင်း မရှိသေးပါဘူး။