ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရကို ပြန်လွှတ်ပေးရန် တောင်းဆို
ပီတာအောင်
·
December 31, 2011
သရက်ထောင်မှာ အကျဉ်းကျ ခံနေရတဲ့ ရခိုင်စာပေနဲ့ သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ လွတ်မြောက်ရေးအတွက် တောင်ကုတ်မြို့မှာရှိတဲ့ ရခိုင် တိုင်းရင်းသားတွေက လက်မှတ်ရေးထိုး တောင်ဆို လိုက်ကြပါတယ်။
[caption id="attachment_19417" align="alignleft" width="220" caption="ရမ္မာဝတီ အရှင်ပညာစာရ(ဓာတ်ပုံ-နိရဉ္စရာ)"][/caption]
တောင်ကုတ်မြို့က ဓမ္မဝိဟာရကျောင်းတိုက်မှာ စနေနေ့မနက်က ကျင်းပတဲ့ ရခိုင်ထီးနန်းနဲ့ ဘုရင့်နိုင်ငံ ကျဆုံးခြင်း ၂၂၇ နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားမှာ ရခိုင်ဆရာတော် ရမ္မာဝတီပညာစာရ လွတ်မြောက်ရေးအတွက် ရခိုင်တိုင်းရင်းသားတွေက သမ္မတ ဦးသိန်းစိန်အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာပါ။
ဒီလိုတောင်းဆိုရခြင်းနဲ့ ပတ်သက်ပြီး ရခိုင်လူသားချင်း စာနာမှု အထောက်အကူပြု ကွန်ရက် ယာယီ ဆက်သွယ်ရေးတာဝန် ကိုမိုးနိုင်စိုးက ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်သမိုင်း ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ တချိန်တုန်းက ကိုယ့်လူမျိုးတွေ ဘယ်လို ဖြစ်ခဲ့တယ်။ ဘယ်လိုနေခဲ့တယ်။ ဒါကို ရခိုင်မျိုးဆက်သစ်လူငယ်တွေ အမှတ်ရစေဖို့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ အကျဉ်းထောင်အတွင်းမှာ ရှိနေတယ်။ သူဟာ ရခိုင်သမိုင်းသမိုင်းတွေကို သုတေသန ပြုစုနေတဲ့ ဆရာတော် တပါး ဖြစ်ပါတယ်။ သူရဲ့ လွတ်မြောက်ရေးအတွက်လည်း တရက်တည်း ကျင်းပရခြင်း ဖြစ်ပါတယ်။”
ဆရာတော် အရှင်ပညာစာရဟာ ပြည်တွင်းပြည်ပက တက္ကသိုလ်တွေက စာတမ်းပြုစုသူတွေအတွက် ရခိုင်စာပေနဲ့ သမိုင်း အစစ်အမှန်တွေ သိရအောင် ကူညီညွှန်ပြပေးသူဖြစ်ပြီး စွန့်ပစ်ခံ မိဘမဲ့ကလေးငယ်တွေ အတွက်လည်း မိဘမဲ့ဂေဟာ ဖွင့်လှစ် စောင့်ရှောက်ပေးခဲ့သူ ဖြစ်ပါတယ်။
ဆရာတော်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လက စစ်တွေမြို့က မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သာသနာတော်ညိုးနွမ်းစေမှု၊ နိုင်ငံခြားငွေလဲလှယ်ရေးဥပဒေ၊ စည်ပင်ဥပဒေ စတဲ့ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခဲ့ရတဲ့အတွက် သရက်ထောင်မှာ အကျဉ်းကျခံနေရတာပါ။
ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်စုဆောင်းထားတဲ့ ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို အာဏာပိုင်တွေက သိမ်ဆည်းထားပြီး ဆရာတော်ရဲ့ ကျောင်းနဲ့ မိဘမဲ့ဂေဟာကိုလည်း ချိတ်ပိတ်ပစ်ခဲ့ပါတယ်။
ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ၂၂၇ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးတဲ့ အထိမ်းအမှတ်နေ့မှာ ဆရာတော်ကို အမေရိကန် ဒေါ်လာ ၁၀၀၀ နဲ့ "ရက္ခိတမျိုးစောင့်ဆု” ချီးမြှင့်ကြောင်း ကြေညာထားပါတယ်။