Live
Home
မြန်မာသတင်း
Good Morning ပေါင်မုန့်စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
March 10, 2017
ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန်ရှိ Good Morning ပေါင်မုန့်နဲ့ ကိတ်မုန့်ထုတ်လုပ်တဲ့  မြန်မာမေဆန်းစက်ရုံ အလုပ်သမားတွေဟာ  အလုပ်သမား ၁၈၀ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဆန္ဒပြနေကြပါတယ်။ မတ်လ ၉ ရက်မနက်က စတင်ပြီး အလုပ်ထုတ်ခံခဲ့ရတဲ့ ကိတ်မုန့်တာဝန်ယူရတဲ့ အလုပ်သမား ၁၈၄ ဦးအပြင် ပေါင်မုန့်ထုတ်လုပ်ပေးရတဲ့ အလုပ်သမားတွေပါ ပါဝင်ပြီး အလုပ်သမား ၂၀၀ ကျော် စက်ရုံရှေ့မှာ ဆန္ဒပြနေကြတာပါ။ Good Morning ပေါင်မုန့်နဲ့ ကိတ်မုန့်ထုတ်လုပ်တဲ့ မြန်မာမေဆန်းစက်ရုံဟာ ရောင်းအား ကျဆင်းလာလို့ အလုပ်သမားတွေကို လျှော့ချတာဖြစ်ပေမယ့် ဥပဒေပါအချက်အလက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အလုပ်သမားတွေဘက်က ပြောပါတယ်။ ဥပဒေအရ အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်ဆိုရင် အနည်းဆုံး ၁ လကနေ အများဆုံး ၃ လထိ ကြိုတင်အကြောင်းကြားရမှာဖြစ်သလို အလုပ်ထုတ်ခံရမယ့်သူတွေကိုလည်း ပြစ်ချက်ရှိသူ၊ လုပ်သက် နည်းသူတွေကို ဦးစားပေးရွေးချယ်ရမှာဖြစ်ပါတယ်။ မြန်မာမေဆန်းစက်ရုံဟာ အလုပ်သမား လျှော့ချမယ့်အစီအစဉ်ကို မတ်လ ၈ ရက်နေ့ တရက်တည်း ကြိုတင်အသိပေးခဲ့သလို အလုပ်ထုတ်မယ့် အလုပ်သမားတွေထဲမှာလည်း လုပ်သက် ၁၇ နှစ်၊ ၁ ၈နှ စ်နဲ့ ၁၉ နှစ်ရှိတဲ့သူတွေ ပါဝင်နေပါတယ်။ လုပ်သက်အများဆုံးသူတွေဟာ စက်ရုံဘက်က လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်း လုပ်ဆောင်ပေးခဲ့သလို ပြစ်ချက်တစုံတရာမရှိသူတွေဖြစ်တယ်လို့ လုပ်သက် ၁၈ နှစ်ရှိတဲ့ အလုပ်သမား မခိုင်ခိုင်က ပြောပါတယ်။ ဒါ့အပြင် လုပ်သက်အလိုက် အလုပ်ထုတ် နစ်နာကြေးတွေ ပေးချေရာမှာလည်း လုပ်သက် ၁၀ နှစ်ရှိသူတွေနဲ့ လုပ်သက် ၁၇ နှစ်ရှိသူတွေဟာ ထောင်ဂဏန်းသာ ကွာတာတွေ့ရတယ်လို့ လည်း အလုပ်သမားတဦးက ပြောပါတယ်။ အလုပ်သမားတွေက အခြေခံ အလုပ်သမားသမဂ္ဂဝင်တွေ ဖြစ်တာကြောင့် ကုမ္ပဏီဘက်က အခုလို ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ အလုပ်သမားတွေက ယူဆနေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024